မြန်မာနဲ့ စစ်ရေးဆက်ဆံရေး အရေးပါလို့ တရုတ်ပြော

တရုတ်နိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဗုဒ္ဓဟူးနေ့မှာ တရုတ်သမ္မတ ဟူဂျင်တောင်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

Image caption နအဖ ဥက္ကဌ နဲ့ တရုတ်သမ္မတ

ဘာတွေ ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်း အသေးစိတ် ထွက်မလာခဲ့ပေမယ့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက လာမယ့် ရွေးကောက်ပွဲတွေ အကြောင်း တရုတ်ခေါင်းဆောင်ကို ရှင်းပြခဲ့လိမ့်မယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။

ကြာသပတေးနေ့ မှာလည်း တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်နဲ့ မြန်မာအဖွဲ့ တွေ့ကြဖို့ရှိနေပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချင်ပင်တဲ့က သူနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာစစ်ကောင်စီအဖွဲ့ဝင် သူရ ဦးရွှေမန်းကို မြန်မာ နဲ့ တရုတ် စစ်ရေး ဆက်ဆံရေးတွေဟာ အရေးကြီးပါတယ်လို့ အလေးအနက်ပြောခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက တရုတ်နိုင်ငံဟာ မြန်မာ စစ်တပ်အတွက် အဓိက လက်နက်တွေ ရောင်းချထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်နေပြီလို့ ဆိုပါတယ်။

Image caption ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့အတူ စစ်ခေါင်းဆောင်တွေ လည်းလိုက်ပါသွား။

လက်ရှိ မြန်မာ စစ်ခေါင်းဆောင် တွေဟာ တချိန်က တရုတ်ပြည်က လက်နက်တွေ ထောက်ပံ့ ပေးခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီအဖွဲ့ဝင်တွေနဲ့ တိုက်ခိုက်ခဲ့ကြသူတွေ ဖြစ်တယ်၊ ဒါပေမယ့် မြန်မာဗိုလ်ချုပ်ကြီးတွေက မီးစဉ်ကြည့်ကတတ်ကြ သူတွေဖြစ်ပြီး အခုတော့ တရုတ်နဲ့ အဆင်အပြေဆုံးဖြစ်အောင် ကျိုးစားနေကြတယ်လို့လဲ သူကဆိုပါတယ်။

တရုတ်ဖက်ကတော့ ပထဝီ နိုင်ငံရေးအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ မြန်မာအစိုးရနဲ့ မလွဲမသွေ ဆက်ဆံသွားရမယ့် အခြေအနေရှိနေတယ်လို့လည်း ဦးအောင်ကျော်ဇောက ပြောပါတယ်။