နယ်ခြားစောင့်တပ် အသွင်မပြောင်းတဲ့ဒေသ အခြေအနေ တင်းမာ

အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေ အနက် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အရေး လက်မခံတဲ့ KIO နဲ့ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ တွေ ရှိရာ ဒေသတွေမှာ အစိုးရကလုံခြုံရေးတပ်တွေ တိုးမြှင့်ချထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Image caption လေ့ကျင့်ကွင်းက ကေအိုင်အို ဗိုလ်လောင်းများ

ကချင် အပါအဝင် အပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာအစိုးရတို့ ကြားမှာ ဆက်ဆံရေးတွေ အဆင်မပြေဖြစ်နေတာ မှန်ပေမယ့် ထိုးစစ်ကြီးဖြစ်လာမယ့် အခြေအနေတော့ မရောက်သေးဘူးလို့ သိရပါတယ်။

အခုလဆန်း ၂ ရက်နေ့က ဝဒေသမှာရှိတဲ့ ဝန်ထမ်းတွေ အဲဒီနေရာက ထွက်ခွါဖို့ အစိုးရက ပြောလာပြီးတဲ့ နောက်ပိုင်းမှာ စစ်ဖြစ်တော့မှာလားလို့ လူတွေ စိုးရိမ် နေခဲ့ကြရပါတယ်။

ဝ ဗဟိုကော်မီတီဝင် တစ်ဦးကတော့ သူတို့ဒေသအတွင်း ရွေးကောက်ပွဲ လုပ်ခွင့်မပေးလို့ မဲထည့်ချင်သူတွေ နေရပ်ပြန် မဲထည့်နိုင်အောင် ခွင့်ပြုပါလို့ အစိုးရက ပြောလာတာနဲ့ ဝန်ထမ်းတွေကို ၃ ရက်နေ့ကပဲ ကားတွေနဲ့ ပြန်ပို့ပေးလိုက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဝ တောင်ပိုင်းဒေသမှာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်မှူး ဝေရှူထန်းကို တပ်အင်အားနဲ့ စေလွှတ်ထားတယ်ဆိုတဲ့ သတင်းဟာလည်း မဟုတ်တဲ့အကြောင်း ဝအရာရှိက ဘီဘီစီကို ပြောပါတယ်။

ကချင်ဒေသမှာလည်း အခုတော့ မြစ်ကြီးနားလို မြို့တွေဆီတောင် ခရီးသွားလာခွင့်ကို ဗီဇာလျှောက်သလို ခက်ခက်ခဲခဲ လုပ်နေရတယ်လို့ KIO နယ်မြေထဲမှာ ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်တွေ ထပ်ပြီးတော့ ရောက်လာတယ်ဆိုတာ မဟုတ်တဲ့အကြောင်း၊ ဒါပေမယ့် အရင်တုန်းက တပ်ရင်းမှာ ထိုင်စုနေတဲ့ အထိုင်တပ်တွေအနေနဲ့ အခုတော့ ထိုင်မနေပဲ လှုပ်ရှားပြလာနေတာတော့ ရှိတယ်လို့ သူကပဲ ဘီဘီစီကိုပြောပါတယ်။ မြစ်ကြီးနားမြို့မှာ KIO နဲ့ ဆက်စပ်သူတချို့ရဲ့ မော်တော်ကားတွေကို ဖမ်းတဲ့အကြောင်း KIO နယ်မြေမှာ နေကြသူတွေက ပြောကြပါတယ်။

ဒီလို အခြေအနေတွေကြောင့် တဖက်နဲ့တဖက် ယုံကြည်မှုတွေ လျော့ပါးလာတဲ့ အခြေအနေလည်း ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။