ရှမ်းဒုက္ခသည်တွေကို ထိုင်းနိုင်ငံသား လက်မှတ်ပေး

shan refugees
Image caption ထိုင်းမှာ ခိုလှုံနေတဲ့ ရှမ်းအနွယ် ဒုက္ခသည်တွေ

မြန်မာနိုင်ငံ ကရင်ပြည်နယ်ကနေ ထိုင်းဖက်မှာ ထွက်ပြေး ခိုလှုံနေတဲ့ ရှမ်းအနွယ် ဒုက္ခသည် စုစုပေါင်း တသောင်းကျော်ထဲက တချို့ကို ထိုင်းနိုင်ငံသား လက်မှတ်တွေ ထုတ်ပေးနေရာမှာ နောက်ဆုံး ကျန်တဲ့ နှစ်ထောင်ကျော်ထဲက တထောင့်လေးရာ နီးပါးကို ဒီနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အခမ်းအနားနဲ့ ထိုင်းနိုင်ငံသား လက်မှတ်တွေ ထုတ်ပေးလိုက်ပါတယ်။

ဒီလူတွေဟာ မြဝတီမြို့ မြောက်ဖက်က ဟွေ့ရှမ်း၊ မဲ့ပလဲ့၊ ရှမ်းရွာသစ်တွေနဲ့ မြဝတီမြို့ တောင်ဖက်က မဲ့ထော်သလေး၊ ဖလူး စတဲ့ရွာတွေနဲ့ ကော့ကရိတ်မြို့နယ်ထဲက ရှမ်းရွာ အတော်များများက ဖြစ်ပြီး မြန်မာစစ်တပ်နဲ့ ကရင်သူပုန်တပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ကတည်းက ထိုင်းဖက်ကို ထွက်ပြေး ခိုလှုံလာခဲ့တာပါ။

သူတို့စကားနဲ့ ယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းက လူတွေနဲ့ တူတာကြောင့် ထိုင်းအစိုးရက သူတို့ကို ထိုင်းအနွယ်ဖွား မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည် ယာယီ မှတ်ပုံတင်တွေ ထုတ်ပေးပြီး နယ်စပ် တလျှောက်မှာ နေထိုင် လုပ်ကိုင် စားသောက်ခွင့် ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဒီဒုက္ခသည်တွေဟာ တခြား ထိုင်းလူမျိုးတွေလို မဲပေးခွင့်၊ အခမဲ့ဆေးကုသခွင့် စတဲ့ အခွင့်အရေးတွေ မရခဲ့ကြပါဘူး။

သူတို့ကို အခုလို ထိုင်းနိုင်ငံသားအဖြစ် အခွင့်အရေး အပြည့်အဝ ရအောင် တာ့ခ်ခရိုင် ဒီမိုကရက်တစ်ပါတီ လွှတ်တော်ကိုယ်စားလှယ် လက်ရှိ ထိုင်း စက်မှုဝန်ကြီး နိုင်ချိုင်ဝုဒ် ဗန္နဝသ်က ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မှတ်ပုံတင် စလုပ်တဲ့အချိန်တုံးက ထိုင်းလူမျိုးတချို့ မြန်မာနိုင်ငံဖက်မှာ သွားရောက် နေထိုင် လုပ်ကိုင်ခဲ့ကြရာမှာ နောက်ပိုင်း ထိုင်းနိုင်ငံ ပြန်လာပြီး မြန်မာနိုင်ငံက လာတဲ့ ထိုင်းအနွယ်ဖွား ဒုက္ခသည်တွေအဖြစ်နဲ့ နေခဲ့ကြရကြောင်း၊ အဲဒီလူတွေ ထိုင်းနိုင်ငံသား အခွင့်အရေး မရတာကို လွှတ်တော်အမတ်ဘဝ တုန်းကစပြီး သိခဲ့ရတာမို့ ဒီဒုက္ခသည်တွေကိုလည်း ထိုင်းနိုင်ငံသား အခွင့်အရေး အပြည့်အဝ ရအောင် ဆောင်ရွက် ပေးလိုက်တာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ထိုင်းနိုင်ငံသား ဖြစ်သွားပြီ ဆိုရင် မဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်းနဲ့ တကမ္ဘာလုံးကို လွတ်လွတ်လပ်လပ် သွားလာ အလုပ်လုပ်နိုင်ခွင့် အိုးအိမ်၊ ခြံမြေ၊ ကား စတာတွေကို ကိုယ့်နာမည်နဲ့ ဝယ်ယူနိုင်ခွင့်၊ အခမဲ့ ဆေးကုသခွင့်နဲ့ အစိုးရကပေးတဲ့ အကူအညီ ငွေကြေး စတာတွေကို ရမှာ ဖြစ်ပါတယ်။

နောက်ထပ် ကျန်နေတဲ့ လူတထောင်ကျော်လည်း မကြာခင်မှာ ထိုင်းနိုင်ငံသား လက်မှတ် ရတော့မယ်လို့ ထိုင်းစက်မှုဝန်ကြီးက ပြောသွားပါတယ်။