တသီးပုဂ္ဂလနဲ့ ပါတီ မဟာမိတ်ဖွဲ့

DPM
Image caption ဒီမိုကရက်ပါတီ မြန်မာနဲ့ တသီးပုဂ္ဂလ တချို့ မဟာမိတ်ဖွဲ့

တသီးပုဂ္ဂလ ကိုယ်စားလှယ် ( ၈ ) ဦးနဲ့ ဒီမိုကရက်တစ် ပါတီ ( မြန်မာ ) တို့ တွေ့ဆုံဆွေးနွေး ပြီး သဘောတူ ညီချက်တချို့ ရယူခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ ပြီးကာလမှာပါ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘယ်လို တူညီတဲ့ အခြေခံ အပေါ်မှာ ရွေးချယ် စုစည်းခဲ့ကြတာလဲလို့ မေးရာမှာတော့ ဒီမိုကရေစီ လိုလားတဲ့ သူတွေကို စုစည်း ခဲ့တာလို့ ဆိုပါတယ်။ တခြားဒီမိုကရေစီ လိုလားသူတွေနဲ့လည်း ဆက်လက်ပြီး ညှိနှိုင်းပူးပေါင်းသွားမယ်လို့ဆိုပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းတွေ အနေနဲ့ မြန်မာပြည်သူပြည်သားတွေ အဓိက ရင်ဆိုင်နေကြရတဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းသွားမယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရဖွဲ့ခွင့် မရှိပေမယ့် ပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် အထောက်အကူ ဖြစ်စေမယ့် ဥပဒေတွေ ပြဌာန်းဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

၂၀၁၀ အခြေခံဥပဒေမှာ ပါဝင်တဲ့ ဒီမိုကရေစီမကျတဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီမိုကရေစီ လိုလားတဲ့သူတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း နေရာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ နေရာ စုစုပေါင်းကတောင် ၇၅ ရာနှုန်း မပြည့်တဲ့ အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဖြစ်နိုင်မဖြစ်နိုင် ဘီဘီစီက မေးမြန်းတဲ့အခါမှာတော့ ချက်ချင်း ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ပေမယ့် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစား သွားမယ်လို့ ဆိုပါတယ်။