ပါတီတွေ မျှမျှတတ မဲဆွယ်ခွင့် ရကြမှာလား

ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီ ဟာ စက်တင်ဘာလ (၂၄) ရက်နေ့ ကနေ အောက်တိုဘာလ ကုန်အထိ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က တဆင့် မဲဆွယ် စည်းရုံးခွင့် ရရှိကြမှာ ဖြစ်ပါတယ်။

Image caption ဒေါက်တာသန်းငြိမ်းကတော့ မဲဆွယ်ခွင့်ရတာဟာ အခွင့်အရေး တစ်ရပ်ပဲလို့ဆို

ပါတီမှတ်ပုံတင် ထားတဲ့ နံပါတ်စဉ် အတိုင်း နိုင်ငံရေး ပါတီတွေ မဲဆွယ်ခွင့် ရကြမှာ ဖြစ်ပြီး ထုတ်လွှင့် ချိန် မတိုင်မီ နှစ် ရက် ကြိုတင်ပြီး နေပြည်တော်မှာ သွားရောက် ရိုက်ကူး အသံသွင်း ကြရမှာ ဖြစ်ပါတယ်။

မဲဆွယ် စည်းရုံးခွင့်နဲ့ ရတာဟာ နိုင်ငံရေး ပါတီတွေ အတွက် အခွင့် အရေး တစ်ရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဒေါက်တာသန်းငြိမ်း က ပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း အလားတူ လုပ်ခွင့်ပေးခဲ့တာ ရှိခဲ့တာမို့ အခု လည်း အဲဒီ အချိန်နဲ့ သိပ်ပြီး ကွာခြား မယ် မထင်ဘူးလို့ သူက သုံးသပ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကလည်း သူတို့ ပါတီက ကြေငြာထားပြီး ဖြစ်တဲ့ ပါတီ မူဝါဒ တွေကို တစ်နိုင်ငံလုံး သိအောင် တင်ပြ ရှင်းလင်းနိုင်မှာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေး ပါတီတွေ အနေနဲ့ ရေဒီယိုနဲ ရုပ်မြင်သံကြား တွေက တဆင့် မဲဆွယ်ခွင့် ရကြတဲ့ အခါ အားလုံး တန်းတူညီမျှ ရှိလိမ့်မယ် လို့ ဒီမိုကရက်တစ် ပါတီရဲ့ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ယုံကြည် ပါတယ်။

ရခိုင် တိုင်းရင်းသားများ ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကတော့ နိုင်ငံရေး ပါတီတွေက မဲဆွယ်တဲ့ အကြောင်းအရာ တွေကို နှစ်ရက် ကြိုပြီး တင်ကြတဲ့ အခါ သက်ဆိုင်ရာက စာသားနဲ့ ရိုက်ကူးမှု တွေကို စိစစ် တည်း ဖြတ်ဦးမှာ ဖြစ်ပြီး၊ တိုက်ရိုက် ထုတ်လွှင့်ခွင့် ရကြမှာမဟုတ် ဘူးလို့ ယူဆတဲ့ အတွက် တိုက်ရိုက် ထုတ်လွှင့်ခွင့် ရရင် ပိုကောင်း မယ်လို့ သူ ယူဆတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

ပါတီတွေ အသံလွှင့် ခွင့်ရမယ့် ဌာနတွေဟာ အစိုးရရဲ့ တိုက်ရိုက် ချုပ်ကိုင်မှု အောက်က ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာနတွေသာ ဖြစ်ပြီး မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ အသံလွှင့် ဌာန တွေကနေ ကနေ တဆင့် စည်းရုံး မဲဆွယ်ခွင့် ရ မရ ဆိုတာ ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။