အင်းလေးကန်ပြင်ဖို့ ဒေါ်လာ ၁၅ သန်းကုန်နိုင်

Inlay Lake
Image caption ရေမစီးတော့ပဲ ကောလာနေတဲ့ အင်းလေး ကန်ကြီး

သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် တိမ်ကောလာနေတဲ့ အင်းလေးကန်ကို ပြုပြင်ဖို့ ငါးနှစ်ကနေ ဆယ့်ငါးနှစ်ထိ အချိန်ယူရနိုင်ပြီး တနှစ် ဒေါ်လာ တသန်းလောက်ထိ ကုန်နိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် အရေး ဆောင်ရွက်နေတဲ့ FREDA အဖွဲ့ ခေါင်းဆောင် ဦးအုန်းက ပြောပါတယ်။

ခုအင်းလေးကန်ကို ပြုပြင်ရေးကို ဇုံသုံးခုခွဲ ဆောင်ရွက်နေတယ်လို့ ဦးအုန်းက ဘီဘီစီကို ပြောပြပါတယ်။

ခုဆိုရင် အင်လေးကန်ကို ပြင်ဖို့ ကုလသမဂ္ဂ အဖွဲ့အစည်း တချို့နဲ့ ပြည်တွင်း အင်ဂျီအို နိုင်ငံတကာ အလှုရှင် နှစ်ဆယ်ကျော်တို့ ရှေ့အပတ်မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။

အင်းလေးကန်ထဲကို စီးဆင်းတဲ့ ချောင်းတွေက ရေမစီးတော့တဲ့အတွက် တိမ်ကောလာတာ ဖြစ်ပါတယ်။

သစ်တော ပြုန်းတီးမှု၊ စိုက်ပျိုးရေး ပုံစံမမှန်မှု၊ တောမီးလောင်မှု၊ တောင်ယာခုတ်မှု၊ မြေပြို တိုက်စားမှုတွေကြောင့် ဒီချောင်းတွေ ရေမစီးနိုင်တော့ပဲ နောက်ဆုံး အင်းလေးကန်ထဲ ရေမရောက်တော့တာလို့ ဦးအုန်းက ပြောပါတယ်။

အင်းလေးကန်ထဲ ရေစီးနေတဲ့ ချောင်းတွေ တဝိုက်မှာ သစ်တော မခုတ်ရေး၊ တောမီး မရှို့ရေးတို့ကို အစိုးရက ကြပ်မတ်လုပ်ဆာင်ရမှာ ဖြစ်ပြီး နုန်းတွေကို ဆယ်ပြီး တခြားမှာ သွားစွန့်ပစ်နိုင်အောင် စီစဉ် စဉ်းစားရမှာ ဖြစ်တယ်လို့ FREDA အဖွဲ့က ရှင်းပြပါတယ်။

လောလောဆယ် လှုဒါန်းငွေ တချို့ ရရှိထားပြီး တချို့ကလည်း နှုတ်ကတိ ပေးထားကြောင်း၊ ရတဲ့အလှုငွေတွေနဲ့ သုတေသန လုပ်ငန်းတွေ စစမ်းနေပြီလို့ ဦးအုန်းက ပြောပြပါတယ်။

အင်းလေးကန်ကို နဂိုမူလ အနေအတိုင်း ပြန်ရောက်အောင် ရေရှည် ထိန်းသိမ်းသွားရမှာ ဖြစ်ပြီး ငါးနှစ်ကနေ ဆယ့်ငါးနှစ်လောက်ထိ ကြာနိုင်တယ်လို့ ဦးအုန်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။