အာရှလစ်ဘ်ဒမ်များ ဗြိတိန်မှာ မြန်မာအရေးဆွေးနွေး

Image caption ဦးညိုအုန်းမြင့်

ဗြိတိန်နိုင်ငံ လစ်ဗါပူးမြို့မှာ ကျင်းပနေတဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီညီလာခံမှာ အာရှဒီမိုကရက်ကောင်စီက ခေါင်းဆောင်တွေနဲ့ အတူ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံအတွင်း ဗြိတိသျှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ အရှေ့ တောင်အာရှရေးရာ ဆိုင်ရာတာဝန်ခံ၊ ဂျယ်ရမီ ဘရောင်းနဲ့ တွေ့ဆုံစဉ်မှာ ဗမာပြည်မှာ လက်ရှိ အတုအယောင် ရွေးကောက်ပွဲကိစ္စ၊ လူ့အခွင့်အရေးချိုးဖေါက်မှု၊ တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ကြား တင်းမာမှုအနေအထားတွေကို သူ အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ပြောပါတယ်။

ဗြိတိသျှအစိုးရအနေနဲ့ ကြေညာချက် စာရွက်ကလေးထုတ်ရုံ ကန့်ကွက်ရုံနဲ့ မြန်မာနိုင်ငံအရေးအတွက် မလုံလောက်တဲ့အကြောင်း ကိုလည်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ပါတီတွေကို ဖျက်သိမ်းလိုက်ပြီး နအဖက တဘက်သတ် လုပ်မဲ့ ရွေးကောက်ပွဲမျိုးကို လက်မခံနိုင်ဘူးလို့ ဗြိတိသျှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်းနဲ့ သူ့အနေနဲ့လည်း ဗမာပြည်အရေးကို အောင်မြင်အောင်ဆောင်ရွက်မှသာ ဒေသတွင်းတည်ငြိမ်ရေးကို အာမခံနိုင်မှာဖြစ်ကြောင်း ထောက်ပြဆွေးနွေးခဲ့တယ်လို့ ဦးညိုအုန်းမြင့်က ဘီဘီစိကိုပြောခဲ့ပါတယ်။