ဆင်းရဲ မွဲတေမှု ကို တကယ် တိုက်ဖျက်နိုင်ပြီလား

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် တွေ ပြည့်မီအောင် ကြိုးပမ်းတဲ့ အခြေ အနေကို ပြန်လည် သုံးသပ်တဲ့ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာ နိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး၊ စားနပ်ရိက္ခာ ဖူလုံရေး စတာ တွေ အပါ အဝင် ရည်မှန်းချက် ရှစ်ခုလုံးမှာ အောင်မြင်မှုတွေ ရခဲ့ တယ်လို့ ပြောပါတယ်။

Image caption ဦးဉာဏ်ဝင်း ကတော့ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်တယ် လို့ ပြော

ရည်မှန်းချက် တွေ ပြည့်မီအောင် ဆောင်ရွက်ဖို့ သတ်မှတ်ထားတဲ့ (၂၀၁၅) ခုနှစ် ကို ရောက်ဖို့ နောက်ထပ် ငါးနှစ်ပဲ လိုတော့တဲ့ အတွက် ရည်မှန်းချက် ရောက်အောင် ပိုမို ကြိုးပမ်း ကြဖို့ လိုအပ် တယ်လို့ လည်း ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

သက်ဆိုင်ရာ အစိုးရတွေက ကိုယ့် အပိုင်းနဲ့ ကိုယ် တိုးတက်အောင်လုပ် နေကြတဲ့ အချိန်မှာ နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း အဲဒီ နိုင်ငံတွေမှာ တိုးတက်မှု ရှိအောင် လုပ်နိုင်မယ့် ပတ်ဝန်းကျင် ကောင်း တစ်ရပ် ဖန်တီး ရာမှာ ဆက်လက် ကူညီ ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် (၂၀၁၅) ထောင်စုနှစ် ရည်မှန်းချက် တွေဟာ နိုင်ငံတကာရဲ့ အထောက်အကူ မပါဘဲနဲ့ ပြည့်မီ နိုင်မှာ မဟုတ်ဘူး လို့ နိုင်ငံပေါင်း (၇၇) နိုင်ငံ မြင်တဲ့ အတိုင်း မြန်မာ နိုင်ငံကလည်း အလားတူယူ ဆ တဲ့ အကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း ပြောသွား ပါတယ်။

ဒါပေမဲ့ အမေရိကန် အခြေစိုက် လွတ်လပ်တဲ့ စီးပွားရေး ပညာရှင် ဦးစိန်ဌေး ကတော့ မြန်မာ နိုင်ငံမှာ လူ အများစုက စားဝတ် နေရေး အလွန် ကျပ်တည်းတဲ့ အခြေ အနေနဲ့ ရင်ဆိုင် နေရတယ် ဆိုတာ ထင်ထင် ရှားရှား တွေ့မြင်နေရတာကြောင့် စားနပ် ရိက္ခာ ပြည့်စုံတယ် ဆိုတဲ့ ဝန်ကြီးရဲ့ ပြောဆိုချက်ကို လက်ခံနိုင်ဖွယ် မရှိဘူးလို့ ပြောပါတယ်။

ထောင်စုနှစ် ရည်မှန်းချက် ကာလ အတွင်းမှာပဲ (၂၀၀၇) ခုနှစ် က မြန်မာ နိုင်ငံ မှာ ကုန်စျေးနှုန်း ကြီးမြင့်မှုကို အခြေ ခံတဲ့ သံဃာတွေ ဦးဆောင်တဲ့ လှုပ်ရှားမှု ဖြစ်ခဲ့သလို နာဂစ် မုန် တိုင်း အန္တရာယ် ကျရောက်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လူတွေ စားဝတ်နေရေး ကျပ်တည်းမှု ကို ရင်ဆိုင် ခဲ့ကြရပါတယ်။

စီးပွားရေး ပညာရှင် ဦးစိန်ဌေး ကတော့ မြန်မာ စစ် အစိုးရ အဆက်ဆက်မှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ် ဆိုတဲ့ ကတိတွေ ပေးခဲ့ပေမဲ့ မှန်မှန်ကန်ကန် ချမှတ် လုပ်ဆောင် တာ မရှိခဲ့တဲ့ အတွက် အဲဒါတွေကို နည်းမှန် လမ်းမှန် ဆောင်ရွက်မှသာ စစ်မှန်တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ရနိုင်မှာ ဖြစ်တယ်လို့ ထောက်ပြ သုံးသပ် ပါတယ်။