တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ မဟာမိတ်ဖွဲ့

Yan Kyaw
Image caption တသီးပုဂ္ဂလ အမတ်လောင်း ဦးရန်ကျော်

ရွေးကောက် ပွဲဝင်မယ့် တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းတွေဟာ မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြပါတယ်။

အခုလို ဆုံဆည်းခွင့် ရခဲ့တဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေကတော့ နေပြည်တော်၊ ရန်ကုန်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း အစရှိတဲ့ တိုင်းနဲ့ပြည်နယ်က အမတ်လောင်းတွေ စုစည်း မိခဲ့ကြတာပါ။

စုစည်းခွင့်ရတဲ့ ၁၄ ဦးထဲက မော်လမြိုင်ကနေ ပြည်နယ် လွှတ်တော်မှာ ဝင်ရွေးမယ့် ဦးလှစိန်က အခုလို စုစည်းနိုင်ခဲ့တာဟာ ဂျာနယ်တွေ စာစောင်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ အင်တာဗျူးတွေ ပါလာတာကို အခြေခံပြီး ကျနော်တို့တတွေ တယ်လီဖုံးကတဆင့် စုစည်းလိုက်တဲ့ အခါမှာ တသီးပုဂ္ဂလ ၂၀ ဦးလောက် စုစည်းမိပါတယ်လို့ ဘီဘီစီကို ရှင်းပြပါတယ်။

လွတ်တော် အသီးသီးမှာ ဝင်အရွေးခံမယ့် တသီးပုဂ္ဂလက ၁၀၀ ကျော်ရှိမယ်လို့ သူထင်ကြောင်း အဲဒီအထဲက သဘောတူရာစုစည်းပြီး အဖွဲ့မဟုတ်ပဲ ကွန်ယက်လေး တစ်ခု အဆက်အသွယ်လေး တစ်ခုအနေနဲ့ ချိတ်ဆက် နေကြတာသာ ဖြစ်ကြောင်း ဦးလှစိန်က ပြောပါတယ်။

တသီး ပုဂ္ဂလတွေ စုစည်းမှု အင်အားနဲ့ နိုင်ငံတော်ကို အကျိုးပြုတဲ့ အလုပ်တွေ အများကြီး လုပ်သွားနိုင်တယ်လို့ ယုံကြည်တဲ့ အကြောင်းကိုလည်း ဦးလှစိန်က ဘီဘီစီကို ပြောသွားပါတယ်။