ကျောင်းသားချင်း အချင်းများ ရာက တဦးသေ

hinthada
Image caption သေဆုံးသူ မောင်အောင်သူဟာ အင်္ဂပူမြို့နယ် ညောင်ကျိုးရွာက ဖြစ်

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ သောကြာနေ့ညက တက္ကသိုလ် ကျောင်းသား အချင်းချင်း ရန်ဖြစ်ရာကနေ ဓါးထိုးမှုဖြစ်ခဲ့ပြီး အသက်၂၁နှစ်အရွယ် မောင်အောင်သူ သေဆုံးသွားခဲ့ပါတယ်။

ဓါးနဲ့ထိုးတဲ့အဖွဲ့က တက္ကသိုလ် အဆောင်တခု ရှေ့မှာ ဂစ်တာ တီးနေစဉ်မှာ ဓါးအထိုးခံရတဲ့ အဖွဲ့က အဆောင်ရှေ့ကနေ ဆိုင်ကယ်နဲ့ ဖြတ်သွားတာကို ဂစ်တာတီးနေတဲ့ အဖွဲ့က လှမ်းဆဲရာကနေ အချင်းများ ရန်ဖြစ်ခဲ့ကြပြီး ဓါးနဲ့ ထိုးတဲ့အထိ ဖြစ်ခဲ့ကြတာလို့ မျက်မြင်သက်သေတဦးက ပြောပြပါတယ်။

ခေါင်းကို ဓါးနဲ့ အထိုးခံခဲ့ရတဲ့ အင်္ဂပူမြို့နယ် ညောင်ကျိုးရွာသား ဘူမိဗေဒ ပထမနှစ် ကျောင်းသား မောင်အောင်သူ ကတော့ ညကတည်းက သေဆုံးသွားခဲ့ပြီး နှစ်ယောက်က ပြင်းထန်တဲ့ ဓါးဒဏ်ရာတွေနဲ့ ဟင်္သာတ ဆေးရုံမှာ အရေးပေါ် တင်ထားရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေ ၅ဦးအဖွဲ့နဲ့ ဓါးထိုးသူ ၇ဦးအဖွဲ့ဟာ အရင်က ရန်ညှိုး ရန်စ မရှိခဲ့ပဲ စာမေးပွဲ နောက်ဆုံးနေ့ မူးယစ် သောက်စား ပျော်ပါးရာကနေ အခုလို ဖြစ်ခဲ့တာပါ။

သေဆုံးသူ မောင်အောင်သူရဲ့ ရုပ်အလောင်းကို စနေနေ့ နေ့လည် နှစ်နာရီလောက်က အာဏာပိုင်တွေ ဆရာ ဆရာမတွေ လိုက်ပါ ပို့ဆောင်ပြီး လုံခြုံရေး အစောင့်အကြပ်တွေနဲ့ သင်္ဂြိုလ်ခဲ့ပါတယ်။

ဓါးနဲ့ ထိုးသူတွေရဲ့ မိဘ အသိုင်းအဝိုင်းတွေဟာ ငွေကြေး ပြည့်စုံ ချမ်းသာသူတွေ ဖြစ်ပြီး အာဏာပိုင်တွေနဲ့ နီးစပ်သူတွေ ဖြစ်တာကြောင့် ကျောင်းသား ကျောင်းသူတွေ ဆူပူမှု ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်နဲ့ အခုလို အမြန် သင်္ဂြိုလ် လိုက်တာလို့လည်း သိရပါတယ်။

ပြစ်မှု ကျူးလွန်တဲ့ ကျောင်းသား ၇ဦးစလုံးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ အစောပိုင်းတုန်းကလည်း ပဲခူးမြို့မှာ စစ်သားတွေနဲ့ အချင်းများရာကနေ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့ပါတယ်။