ဟူးကောင်း ရွာသားတွေ ယုဇန ကုမ္ပဏီကို တရားစွဲ

deforestation
Image caption ယုဇန ကုမ္ပဏီက တောတွေရှင်းပြီး ကြံနဲ့ ပီလောပီနံ ဧက သိန်းချီစိုက်

ဟူးကောင်း ချိုင့်ဝှမ်း ဒေသမှာ ၂၀၀၆ ခုနှစ်ကတည်းက စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ယုဇန ကုမ္ပဏီကို ဒေသခံ ရွာသားတွေက သူတို့ လယ်မြေတွေကို သိမ်းပိုက်မှုနဲ့ တရားစွဲထားကြောင်း သတင်းရရှိပါတယ်။

ယုဇန ကုမ္ပဏီဟာ တနိုင်းနဲ့ ဖားကန့် မြို့နယ်တွေမှာ မြေရိုင်းတွေကို ရှင်းလင်းပြီး လယ်ဧက နှစ်သိန်းစာလောက် စိုက်ပျိုး လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဒီလို မြေရိုင်းတွေ ရှင်းလင်းရာမှာ ကျေးရွာ အတော်များများက လယ်ယာမြေတွ အဓမ္မ အသိမ်းခံခဲ့ရပါတယ်။

လွန်ခဲ့တဲ့ တလကျော်က မိုးညှင်း ခရိုင် ဖားကန့် မြို့နယ်ထဲက ရွာငါးရွာက ရွာသူရွာသား တရာ့ငါးဆယ်လောက်က လယ်ဧက တထောင်ကျော်အတွက် တရားစွဲဖို့ ပြင်ဆင် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒိမှာ ယုဇန ကုမ္ပဏီနဲ့ ရွာသားတွေ ညှိပြီး ကုမ္ပဏီဘက်က တဧကို ရှစ်သောင်းနှုန်းနဲ့ တောင်သူငါးရာလောက်ကို လျော်ကြေး ပေးခဲ့ပါတယ်။

ဒါပေမယ့် ရွာသား တချို့က ကုမ္ပဏီက ပေးတဲ့ စျေးကို သဘောမတူပဲ လက်မခံခဲ့ပါဘူး။

အဲဒိအတွက် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကနေ ခုထိ သီးနှံ စိုက်ပျိုးလို့ မရတဲ့ အတွက် နစ်နာကြေးနဲ့ ဆုံးရှုံးခဲ့တဲ့ လယ်မြေတွေ အတွက်ပါ တရားစွဲတာလို့ သူတို့ရဲ့ ရှေ့နေ ဦးမြင့်သွင်က ဘီဘီစီကို ပြောပြပါတယ်။

ခုနောက်ဆုံး တရားရုံးက နိုဝင်ဘာ လေးရက်နေ့ကို ရက်ချိန်းပေးထားပါတယ်။

ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ ကျားထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး အဲဒိမှာ ယုဇန ကုမ္ပဏီက ဧကသိန်းနဲ့ချီပြီး ကြံနဲ့ ပီလောပီနံတွေ ဝင်ရောက် စိုက်ပျိုးတဲ့အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။