မဲဆွယ်ကာလမှာ ဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ဆောင်ချက်တွေ

ရွေးကောက်ပွဲ မဲဆွယ်တဲ့ကာလမှာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဝန်ကြီးတွေက ပြည်သူတွေကို မျက်စိခွဲပေးတာ ငွေကြေးပေးတာတွေကို သတင်းစာတွေထဲမှာ တွေ့နေကြရပါတယ်။

ဒီလိုပဲ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတချို့ကလည်း လက်ဆောင်ပစ္စည်းတွေ ပေးနေတာကိုလည်း တွေ့ရပါတယ်။

ဒီလိုသတင်းတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ဥပဒေပညာရှင် ရှေ့နေကြီးဦးအောင်သိန်းကတော့ မဲရလိုမှုနဲ့ ရည်ရွယ်ပြီး လုပ်ဆောင်တာဟာ နိုင်ငံရေးမဲဆွယ်မှု တံစိုး လက်ဆောင်ပေးတာဖြစ်လို့ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တနည်းမဟုတ် တနည်းနည်းနဲ့ လမ်းခင်းပေးတာ အိမ်ပြင်ပေးတာ ၊ မျက်စိ ခွဲစိတ်ကုသ ပေးတာနဲ့ ဆေးရုံတက်တဲ့ လူနာကို ပိုက်ဆံပေးတာတို့ဟာ တံစိုး လက်ဆောင်ပေးတာလို့ မှတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်ကိုယ်တိုင် ကပဲဖြစ်ဖြစ် ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ် ကပဲဖြစ်ဖြစ် ကိုယ်စားလှယ်နဲ့ တနည်းနည်းနဲ့ ပတ်သက်သူကပဲဖြစ်ဖြစ် အစားအသောက် ကျွေးမွေးတဲ့အပြင် လက်ဆောင်ပစ္စည်းအမှတ်တရပေးရင်လည်းပဲ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတဲ့သူတွေအပေါ် ဥပဒေအရ အရေးယူဖို့ ဆိုတာကတော့ ရွေးကောက်ပွဲဝင်မယ့် တခြားပါတီတွေက ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှသာ အရေးယူဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။