ထိုင်းရောက်မြန်မာ ဒုက္ခသည်တွေဒေသပြန်ပို့မည်

Thai FM
Image caption ထိုင်းနိုင်ငံခြားရေးဝန်ကြီး

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုန်က နယူးယော့မှာ ပြုလုပ်တဲ့ အေးရှ ဆိုဆိုင်တီ ဖိုရမ်မှာ မြန်မာဒုက္ခသည်တွေကို နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ပြောပါတယ်။

ဒီအစီစဉ်ဟာ ဖြစ်နိုင်ချေရှိတယ်လို့ မဲဆောက်အခြေစိုက် ဘီဘိစီသတင်းထောက် ဦးအောင်ကျော်ဦးက ခန့်မှန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမေရိကန်၊ အင်္ဂလန်နဲ သြစတြေးလျ နိုင်ငံဆိုတဲ့ အဖွဲ့ ၃ ဖွဲ့အနေနဲ့ မြန်မာဒုက္ခသည်တွေ ပြန်ပို့ရေး အစီစဉ်ကို ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက လိုက်လံရှင်းလင်း ပြောဆိုနေခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့ ၃ ဖွဲ့က ရှင်းပြတာက အရင်တုန်းက ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲပြီးတဲ့အခါ တုန်းကလည်း ကမ္ဘောဒီးယား ဒုက္ခသည်တွေကို ပြန်ပို့တဲ့အခါ ပထမတော့ ဒုက္ခသည်တွေက မပြန်ချင်ကြတဲ့အကြောင်း ဒါပေမယ့်နောက်ပိုင်း ပြန်သွားတဲ့ ဒုက္ခသည်တွေထဲကတောင် အစိုးရအဖွဲ့ဝန်ကြီးတွေ ဖြစ်လာတာမျိုးတွေရှိလာပြီး နောက်ဆုံးမှာ ဒုက္ခသည်ပြန်ပို့တဲ့အစီစဉ်ဟာ အောင်မြင်တယ်လို့ဦး အောင်ကျော်ဦးကပြောပြပါတယ်။

အခုလည်း မြန်မာဒုက္ခသည်တွေ မြန်မာပြည်ပြန်မယ်ဆိုရင် သူတို့က မြေမြှုပ်မိုင်းတွေ ရှင်းပေးမယ်၊နေရာထိုင်ခင်း စီစဉ်ပေးမယ်၊ ရိက္ခာကိုလည်း ၃ နှစ်လောက်အထိ ထောက်ပံ့ပေးသွားမယ်ဆိုပြီး လိုက်လံရှင်းလင်းပြောဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြောတဲ့အပေါ်မှာ ဒုက္ခသည်တချို့က ပြန်ချင်ကြတာရှိပေမယ့် အများစုကတော့ မပြန်ချင်ကြဘူးလို့လည်း ဆိုပါတယ်။

ဒီအထဲမှာ ကေအင်ယူစခန်းအနီးမှာ လုပ်ကိုင်စားသောက်နေထိုင်တဲ့ မိသားစုတွေနဲ့ နယ်စပ်တလျောက်မှာ နေထိုင်သူတွေက ပြန်နိုင်ကြပေမယ့် စစ်အစိုးရနဲ့ပြေလည် မှုမရသေးတဲ့ ကေအင်ယူ မိသားစုဝင်တွေ၊ အေဘီအက်စ်ဒီအက်ဖ် လို အဖွဲ့တွေရဲ့ မိသားစုဝင်တွေအနေနဲ့ကတော့ ပြန်လို့ရနိုင်မယ်မထင်သေးတဲ့ အကြောင်း၊ဒီလို ပြန်လို့မရတဲ့သူတွေကိုတော့ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီရဲ့ အပြောအရ နယ်စပ်မှာ နေထိုင် စားသောက်လို့ရမယ့် နေထိုင်ခွင့်ကဒ်ပြား ထုတ်ပေးမှာဖြစ်တယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။