အကျဉ်းသားတွေ လွှတ်ဖို့ အာရှ ဥရောပခေါင်းဆောင်တွေ တောင်းဆို

ASEM
Image caption မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တက်ရောက်ပါတယ်

မြန်မာနိုင်ငံက ရွေးကောက်ပွဲမှာ လွတ်လပ်မျှတဖို့နဲ့ အားလုံးပါဝင်ဖို့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုတယ်လို့ အာရှ နဲ့ ဥရောပက ခေါင်းဆောင်တွေက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲစ် မြို့မှာ နိုင်ငံပေါင်း ၄၆ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးခဲ့တဲ့ အာရှ-ဥရောပ အစည်းအဝေး (ASEM) အပြီးမှာ ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ဒေသတွင်း နှစ်ခုနဲ့ဆိုင်တဲ့ အရေးကိစ္စတွေအကြောင်း ဆွေးနွေးရာမှာ မြန်မာကိစ္စလည်း ပါဝင်ပါတယ်။

အစည်းအဝေးတက်တဲ့ နိုင်ငံတွေက မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ ပါဝင်လုပ်ဆောင်တဲ့ အခန်းကဏ္ဍကို ထောက်ခံပြီး မြန်မာ့အစိုးရကို နိုင်ငံတကာနဲ့ ဆွေးနွေးလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ASEM အာဆမ်ရဲ့ ကြေငြာချက်က မျှော်လင့်သလောက် ပြင်းထန်မှုမရှိပေမယ့် တိုးတက်မှုခြေတစ်လှမ်းလို့ ဆိုနိုင်ကြောင်း မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။

''ASEM အာဆမ်အစည်းအဝေးမှာ တရုတ်နဲ့ အာဆီယံနိုင်ငံတွေ ပါတာတောင်မှ ဒီလို ပွင့်ပွင့်လင်းလင်း တောင်းဆိုတာက အပြုသဘောတိုးတက်မှုလို့ ထင်ပါတယ်။ ရွေးကောက်ပွဲကို ထောက်ခံကြဖို့ ဒေသတွင်းမှာ ပြောနေတဲ့ မြန်မာအစိုးရကို လက်ရှိရွေးကောက်ပွဲက အဖြေမဟုတ်ဘူးဆိုတာ ပြောလိုက်သလို ဖြစ်သွားပါတယ်'' လို့ မစ္စတာ ဖာမနာက ပြောပါတယ်။

ဥရောပမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Euro Burma Office က ဒါရိုက်တာ ဦးဟန်ညောင်ဝေကလည်း ASEM ခေါင်းဆောင်တွေက မြန်မာအစိုးရကို ရွေးကောက်ပွဲ ကောင်းကောင်းမွန်မွန်လုပ်ဖို့ တိုက်တွန်းလိုက်တာ ဖြစ်သလို အဲဒီလို မလုပ်ရင် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်သလို ပိတ်ဆို့မှုတွေ ရပ်မှာ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အဓိပ္ပာယ် ကောက်နိုင်ကြောင်း ပြောပါတယ်။

တနင်္လာနေ့ညကပဲ ဘရပ်ဆဲစ်မြို့မှာ အရှေ့တီမောသမ္မတကလည်း ဥရောပ ပါလီမန်အမတ်တွေ မြန်မာ့အရေးစိတ်ဝင်စားသူတွေနဲ့တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့ရာမှာ နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပြီး မြန်မာပြဿနာကို အဖြေရှာသင့်ကြောင်း တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။