စစ်သားတွေ ကြံ့ခိုင်ရေးမဲပေးရန် ညွှန်ကြား

မြန်မာနိုင်ငံမှာနမူနာမဲပေးပြစဉ်
Image caption မြန်မာနိုင်ငံမှာနမူနာမဲပေးပြစဉ်

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ စစ်သားတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုပဲ မဲပေးရမယ်လို့ အထက်က ညွှန်ကြားထားပြီး အရပ်ဘက်မှာတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းတွေမှာ အမှားအယွင်းတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်သားတွေဟာ တနယ်တကျေးမှာ တာဝန်ထမ်းဆောင်တဲ့အတွက် ကြိုတင်မဲပေးရမယ့် အနေအထားမျိုးမှာ မဲတွေကို အထက်အရာရှိက စုစည်းပေးရမှာဖြစ်ပါတယ်။ ဒီကြားထဲ ကြံ့ခိုင်ဖွံ့ဖြိုရေးပါတီကိုပဲ မဲပေးရမယ်လို့ ညွှန်ကြားထားလို့ တခြားပါတီကို မဲပေးမိရင် အထက်က သိပြီး အပြစ်ပေးခံရမှာကို စိုးရိမ်နေကြရတယ်လို့ စစ်တပ်အသိုင်းအဝိုင်းကတဆင့် သိရပါတယ်။

အရပ်ဘက်အပိုင်းမှာကျတော့လည်း မဲပေးခွင့်ရှိသူတွေရဲ့ နာမည်စာရင်းတွေဟာ မပါတဲ့သူတွေ ရှိသလို တချို့နေရာတွေမှာ ထပ်နေတာတွေ ရှိနေပါတယ်။ ရန်ကုန်က မဲပေးပိုင်ခွင့် ရှိသူတစ်ဦးက အခု သူယာယီနေတဲ့အိမ် ရပ်ကွက်ထဲမှာ မဲစာရင်းပါ နေတဲ့အကြောင်း၊ ယာယီလာနေတဲ့ အိမ်မှာပဲ စာရင်းကောက်ပြီး ထည့်ထားတာ ဖြစ်တဲ့အကြောင်း ဒါကြောင့်မို့ စာရင်းက ထပ်နေမှာဖြစ်တဲ့အကြောင်း အခုဟာက ကွင်းဆင်းပြီး စစ်တာမျိုးမလုပ်ပဲ အကုန်လုံး လုံးထွေးပြီး လုပ်နေကြတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

လူအများစုကတော့ မဲရုံကိုသွားပြီး မဲစာရင်းပါ မပါ ကြည့်ဖို့အတွက် အချိန်မပေးနိုင်တာနဲ့ အခုလို မဲရုံကိုသွားပြီး စာရင်းစစ်ကြည့်ရမယ်ဆိုတာကို မသိကြတာလည်း ရှိလို့ မဲပေးတဲ့အခွင့်အရေး မရနိုင်တဲ့သူတွေ အများကြီးရှိနိုင်တယ်လို့ ယူဆနေကြပါတယ်။