မန္တလေးဘက်မှာ ရေကြီးရေလျှံ

MMCW
Image caption တိမ်တွေထူနေတာကို ကောင်းကင်ဓာတ်ပုံကနေ မြင်တွေ့ရ

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာရွာပြီး ရေကြီးမှုတွေဖြစ်ခဲ့တဲ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ အခုချိန်ထိ ရေလွှမ်းနေဆဲ ဖြစ်ပါတယ်။

ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ မဟာ အောင်မြေ စတဲ့ မြို့နယ်တွေထဲက အောင်ပင်လယ်၊ မြရည်နန္ဒာ၊ ကန်သာယာ၊ သမန်းကုန်း စတဲ့ ရပ်ကွက်တော်တော်များ များမှာ အခုအချိန်အထိ ရေလွှမ်းနေဆဲ ဖြစ်ပါတယ်။

ဒီအထဲက ပြည်ကြီးတံခွန်မြို့နယ်ဟာ ရေဘေးအဆိုးဆုံးခံရတဲ့ မြို့နယ်ပါပဲ။ ၆၂ လမ်းရဲ့ အရှေ့ဘက် တခြမ်းလုံး ရေလွှမ်းခံရပါတယ်။ ပွဲကုန်းဘက်မှာ လှေတွေနဲ့ သွားလာနေကြရပါတယ်။ သင်္ဂဇာချောင်း၊ ရွှေတစ်ချောင်းမြောင်းနဲ့ မြို့ထဲက ရေဆိုးမြောင်း တော်တော်များများဟာလည်း ရေလျှံပြီး နေရာတချို့မှာ လမ်းတွေပေါ် ရေကျော်နေပါတယ်။

ရေဘေးခံနေရတဲ့အရပ်ထဲက လူငယ်တစ်ဦးက လောလောဆယ်မှာတော့ ရေတက်လာလို့ လူတွေ နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေး အခက်အခဲ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

တချို့က ပစ္စည်းဆုံးရှုံးမှာစိုးပြီး အိမ်တွေပေါ်က မဆင်းလို့ ရေကြီးလာတဲ့အခါ လှေတွေ ဘောကွင်းတွေနဲ့ လိုက်ကယ်ပြီး ကျန်းမာရေးမကောင်းရင်တော့ ဆေးရုံကို ပို့ပေးနေတယ်လို့လည်း ပြောပါတယ်။

ရေဘေးဒုက္ခသည်အရေအတွက်နဲ့ပတ်သက်ပြီး ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက သူတို့ရောက်ခဲ့တဲ့ သမန်းကုန်းမှာ ဆိုရင် လူဦးရေ နှစ်ထောင်လောက်အထိ ရှိနေပြီး နေရာအားလုံးပေါင်းလိုက်ရင် လူဦးရေ တစ်သောင်းကျော်လောက် ရှိမယ်လို့ ခန်မှန်းပါတယ်။

ရေဘေးဒုက္ခသည်တွေဟာ ရေလွတ်ရာ စာသင်ကျောင်း ၊ ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေကို မြို့ခံ စေတနာရှင် လုပ်ငန်းရှင်တွေနဲ့ ဗြဟ္မစိုရ်၊ လောကပါလ၊ ချမ်းမြသုခ၊ မြင့်မြတ်ဧရာဝတီ စတဲ့ နာရေးကူညီမှုအသင်းတွေက ကူညီပေးနေကြပါတယ်။

ဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက် ဆန် ဆီ ဆား ပဲ ငြုပ် စတဲ့ စားသောက်ကုန် ပစ္စည်းတွေကို တနိုင်တပိုင် လိုက်လံကူညီပေးနေပါတယ်လို့ မြင့်မြတ်ဧရာဝတီ ပရဟိတအသင်းဝင်တစ်ဦးက ပြောပြပါတယ်။ ဒီအသင်းအပါအဝင် မန္တလေးမြို့ခံ လုပ်ငန်းရှင်တွေ ပရဟိတ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက တနိုင်တပိုင် ကူညီဆောင်ရွက်နေကြပါတယ်။

လောလောဆယ် မိုးထပ်မသည်းလို့ ရေတန့်နေပေမယ့် ဒေသခံတွေကတော့ မိုးများပြီး ရေထပ်တိုးလာမှာကို စိုးရိမ်ပူပန်နေကြရပါတယ်။