မန္တလေးမှာ ရေကြီးနေဆဲ

မန္တလေးရေကြီးတဲ့မြင်ကွင်း
Image caption မန္တလေးရေကြီးတဲ့မြင်ကွင်း

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က စပြီး ဆည်တော်ကြီး ဆည်တော်လေးကနေ ရေတွေလျှံပြီး ရေ ကြီးနေလို့ ဒီကနေ့ညနေအထိ မန္တလေးကပြည်သူတွေ ရေးဘေးဒဏ် ခံနေကြရပါတယ်။

ပန်းရံတော်ချောင်းတလျှောက် လူကြီး ရင်ညွန့်အထိ ရေကြီးနေဆဲဖြစ်ပြီး စေတနာရှင်တွေက နိုင်သလောက် ဝိုင်းဝန်းကူညီပေးနေကြရပါတယ်။

ရေဘေးဒဏ်ခံခဲ့ရတဲ့ မန္တလေး ဒေသခံအမျိုးသမီး တစ်ဦးကဆိုရင် ဆည်တော်ကြီး ဆည်တော်လေးနဲ့ နားဋောင်းကျချောင်းကနေ ရေလျှံကျလာပြီး ရပ်ကွက်တွေထဲအထိ ရေတွေဝင်လာတာ လမ်းတွေဆိုရင် မြောင်းတွေလိုဖြစ်ပြီး ရေတွေ ဘောင်ဘင်ခတ်တဲ့အထိဖြစ်ကုန်တာ အိမ်တွေရေမြုပ် တာတွေကို ဘီဘီစီကို ရှင်းပြပါတယ်။

ပန်းရံတော်ချောင်း ပတ်ပတ်လည်က လူတွေဟာ ရင်စို့လောက်ရေရှိနေပြီး အဲဒီနားက ရပ်ကွက်တွေမှာ ရေမကျနိုင်အောင်ဖြစ်နေသေးတဲ့အကြောင်း အောင်ပင်လယ်၊ ၊ ကန်သာယာ၊ ထွန်တုံး၊ သမန်းကုန်း စတဲ့ပန်းရံတော်ချောင်းဘေးကလူတွေဆိုရင် တနင်္လာနေ့ ညနေ အထိ ရင်စို့လောက်ရေက မကျသေးတဲ့အကြောင်း ကူညီတဲ့စေတနာရှင်တွေဆိုရင် ပစ္စည်းတွေ ထမင်းထုပ်တွေ လက်တွေမြှောက်ယူပြီး သွားပေးကြရတဲ့အကြောင်း ဒေသခံအမျိုးသမီးကပဲ ပြောပြပါတယ်။

ကယ်ဆယ်ရေးလုပ်နေကြတဲ့ စေတနာရှင်တွေက စိတ်အားထက်ထက်သန်သန်နဲ့ကိုယ်ထိလက်ရောက် လိုက်လံကူညီပေးနေကြပေမယ့် ဌါနဆိုင်ရာနဲ့အစိုးရပိုင်းက လာရောက်ကူညီတာတော့ မတွေ့ရဘူးလို့လည်း ဒေသခံအမျိုးသမီးက ပြောပြသွားပါတယ်။

ရေကြီးနေတဲ့အခြေအနေက လေးရက်လောက်အထိ ရေပြန်မကျနိုင်သေးဘူးလို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။ မိုးထပ်ရွာမယ်ဆိုရင် ဆည်တွေက ရေဖေါက်ချမှာ ဖြစ်လို့ လူတွေက မိုးမရွာပါစေနဲ့လို့ပဲ ဆုတောင်းနေကြရပြီး ရေဖေါက်ချမယ်ဆိုရင်လည်း ကြိုတင်အသိပေးတာမျိုးတွေ မရှိလို့ အားလုံးက စိတ်ပူနေကြရတယ်လို့ သိရပါတယ်။