ဆည်ကျိုးတယ်ဆိုတဲ့ သတင်းကြောင့် မန္တလေးမှာ လန့်

Mandalay floods
Image caption ဆည်ရေထပ်ဖောက်ရင် ရေထပ်ကြီးမှာ စိုးနေကြ

မန္တလေးမှာ လောလောဆယ် ရေကြီးနေတဲ့ အရပ်တွေ ဖြစ်တဲ့ အောင်ပင်လယ်၊ ကန်ပေါက်၊ မြရည်နန္ဒာ ထွန်တုံး စတဲ့ ရပ်ကွက်တွေမှာ တနင်္လာနေ့ညက ရပ်ကွက်နဲ့ မြို့နယ် အာဏာပိုင်တွေက အသံချဲ့စက်တွေနဲ့ ဆည်တော်ကြီး ကျိုးတယ်ဆိုပြီး လိုက်ကြေညာတဲ့ အတွက် ရပ်ကွက်နေ ပြည်သူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

မန္တလေး ဒေသခံတစ်ဦးက လူတွေ ကားတွေပေါ်မှာ ပစ္စည်းတွေတင်လို့ ထွက်ပြေးခဲ့ကြတယ် လို့ပြောပါတယ်။ နောက်မှ အဲဒီ ဆည်ကျိုးတယ်ဆိုတဲ့ သတင်း မဟုတ်ပါဘူးလို့ လိုက်ကြေညာခဲ့ပေမယ့် ပြေးတဲ့ လူတွေက ထွက်ပြေးနေတုန်းပဲလို့ ဆိုပါတယ်။

တချို့ကတော့လဲ မန္တလေး အထက်ဖက်က မတ္တရာလို ဒေသတွေကို ဆက်သွယ် စုံစမ်းခဲ့ကြတယ်လို့ ဆိုပါတယ်။

မိုးက ဆက်ပြီး သဲသဲမဲမဲ ရွာနေဆဲဖြစ်တဲ့ အတွက် မနေ့က ဆည်တော်ကြီး ရေကို ထပ်ပြီး ဖောက်ချခဲ့ရ သေးတယ် လို့လဲ ဒေသခံတချို့က ပြောပါတယ်။

ဆည်ရေ ထပ်ဖောက်ချခဲ့တဲ့ အတွက် မန္တလေးမှာ ကျနေစပြုတဲ့ ရေတွေ တစ်ပေက နှစ်ပေလောက်အထိ ပြန်တက်လာခဲ့ပါတယ်။

တချို့နေရာတွေမှာ စေတနာရှင်တွေက ထမင်းထုတ်တွေ လိုက်ဝေပေးနေတယ်လို့လဲ သိရပါတယ်။