သီတဂူဆရာတော် အိုးဘိုထောင် အကျဉ်းသားတွေကို ဒါနပြု

မန္တလေးမြို့ အိုးဘိုထောင်ထဲက အကျဉ်းသားတွေအတွက် သီတဂူဆရာတော်ကြီးက ကရုဏာ အလှူပွဲလေးတစ်ခု အောက်တိုဘာလ ၁၆ ရက်နေ့က လုပ်ပေးခဲ့ပါတယ်။

Image caption တရာတော်ဟာ အကျဉ်းထောင်တွေသွားပြီး တရားဟော ဆုံးမတာတွေ လုပ်ပေးလေ့ရှိ

ဆရာတော်ကြီးက အကျဉ်းသားအားလုံးကို ဒန်ပေါက်တစ်ထုပ်စီနဲ့ လက်ဆောင်ပစ္စည်း ၁၅ မျိုးကို တစ်ဦးချင်းစီ ဒါနပြုခဲ့ပါတယ်လို့ ဆရာတော်ကြီးနဲ့ အတူ အိုးဘိုထောင်ထဲ အတူ လိုက်ပါခွင့်ရတဲ့ မန္တလေးမြို့ အရီးတောင်း လက်ဖက်လုပ်ငန်းက ဦးဇော်ဟိန်းက ဘီဘီစီ ကို ပြောပါတယ်။

ဆရာတော်ကြီးဟာ အိုးဘိုထောင်ထဲက အကျဉ်းသား အဆောင်တိုင်းကို လိုက်လံပြီး မေတ္တာပို့ပါတယ်။ နေ့လည်ပိုင်းမှာတော့ အလုပ်ရုံထဲမှာရှိတဲ့ တရားဟော ပလ္လင်ပေါ်က တဆင့် တရားဟောခဲ့တယ်လို့လည်း သိရပါတယ်။

သီတဂူရဲ့ ဆေးရုံအဖွဲ့က ဆရာဝန်တွေအပါအဝင် မန္တလေးက မြို့ခံ ဆရာတော်ကြီးရဲ့ တပည့်ရင်းတွေပါ အိုးဘိုထောင်အတွင်း အတူပါလာကြပြီး ဆရာတော်ကြီးအနေနဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေး ပြောကြားပေးလိမ့်မယ်လို့လည်း သူထင်တဲ့အကြောင်း ဦးဇော်ဟိန်းက ပြောပါတယ်။

သီတဂူ ဆရာတော်ကြီးကိုယ်တိုင်နဲ့ မန္တလေးက မြို့ခံလူကြီးတွေ အခုလို အကျဉ်းထောင်ထဲဝင်ပြီး အလှူဒါနပြုတာမို့ အိုးဘိုထောင်ထဲက အကျဉ်းသားတွေ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ်လို့လည်း သိရပါတယ်။