ရွေးကောက်ပွဲက အရပ်သားအစိုးရ ပြောင်းပေးမလား

HRW
Image caption ဆွေးနွေးပွဲကို HRW နဲ့ Johns Hopkins တက္ကသိုလ်က ပူးတွဲ ကျင်းပ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာ Johns Hopkins တက္ကသိုလ်ရဲ့ အရှေ့တောင်အာရ ှလေ့လာရေး အစီအစဉ်နဲ့ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့တို့ပေါင်းပြီး မြန်မာနိုင်ငံက နိုဝင်ဘာ ၇ ရွေးကောက်ပွဲအလားအလာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

''အရပ်သားအုပ်ချုပ်ရေးဆီ ပြန်ရောက်တော့မလား'' ဆိုတဲ့ ခေါင်းစဉ်ကြောင့် ဆွေးနွေးပွဲမှာ တက်ရောက်ပြောကြားတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စတာ ပင်ညဲရိုးကတော့ ဒီခေါင်းစဉ်က ဖြစ်နိုင်ချေနဲ့ လုံးဝမနီးစပ်တဲ့အတွက် ဒီလို ခေါင်းစဉ်တပ်တဲ့အပေါ်မှာ ဝေဖန်ပြောဆိုခဲ့တယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ သတင်းစာဆရာ ဦးမင်းဇင်က ပြန်ပြောပြပါတယ်။

ဦးမင်းဇင်ကတော့ ရွေးကောက်ပွဲဟာ စစ်အာဏာကို လက်တစ်ဘက်ကနေ နောက်လက်တစ်ဘက်ကိုပဲ ပြောင်းတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အသွင်သဏ္ဍန်အားဖြင့် ပြောင်းလဲလာနိုင်တယ်၊ စစ်တပ်ကနေပဲ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ပုံစံနဲ့ အုပ်ချုပ်မှာ ဖြစ်တဲ့အတွက် သူတို့အချင်းချင်းမှာပဲ အာဏာခွဲဝေမှုပိုင်းမှာ အကဲစမ်းခံရမှုတွေ ရှိလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ဦးမင်းဇင်အပြင် ဒီအစည်းအဝေးမှာ မြန်မာထဲကဆိုရင် ဦးဝင်းမင်းနဲ့ ဇိုရာဖမ်းတို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ ကမ္ဘာကျော် နိုဗယ်ဆုရ စီးပွားရေးပညာရှင် အမတ်တယာ ဆန်လည်း ပါဝင်ဆွေးနွေးခဲ့ပြီး သူကတော့ ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ကို ထောက်ခံတယ်လို့ ပြောတဲ့အကြောင်း သိရပါတယ်။

ဆွေးနွေးပွဲမှာ ၂၀၁၀ ရွေးကောက်ပွဲဟာ ရှိသင့်တယ်ဆိုတဲ့ အမြင်ရှိတဲ့ ပညာရှင်တွေလည်း ပါဝင်ပေမယ့် ဒီရွေးကောက်ပွဲဟာ တကယ်တမ်း ဒီမိုကရေစီရေးအတွက် ပထမခြေလှမ်းဟုတ်မဟုတ်ဆိုတာကိုတော့ သတိထား ပြောဆိုနေကြတာ တွေ့ရကြောင်း အစည်းအဝေးတက်တဲ့သူတွေက ပြောပါတယ်။