ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်တိုးချ

ရှမ်းပြည်မြောက်ပိုင်း SSA မြောက်ပိုင်းရဲ့ ဌါနချုပ်အနီးမှာ အခု ရက်ပိုင်း အတွင်း စစ်အစိုးရ တပ်တွေ တိုးလာနေတဲ့ အတွက် အခြေအနေတွေ ပိုပြီး တင်းမာလာ နေတယ်လို့ ကြားရပါတယ်။

Image caption စစ်တပ်အင်အားဖြည့်ဆည်းမှုတွေ ရှမ်းပြည် မြောက်ပိုင်းမှာ ပိုလုပ်လာပါတယ်

SSA မြောက်ပိုင်း တပ်မဟာ ၁ ရဲ့ ဌါနချုပ် ဝမ်ဟိုင်း ဘက်ကို စစ်အစိုးရ ဘက်က ခြေလျင် တပ်ရင်းတွေ ကနေ အင်အား ၃၀၀ နီးပါး လောက် ထပ်ရောက် လာတာ ၂ ရက် ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကတော့ အဲဒီဒေသမှာ စစ်အစိုးရတပ် အနေနဲ့ ခလရ ၆၇၊ ၃၂၅၊ ၃၃၊ ၁၃၂ နဲ့ ခမရ ၃၂၆ စုစုပေါင်း အင်အား ၂၀၀ ကျော် ၃၀၀ နီးပါး ရှိပြီးသား ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ တပ်ဖွဲ့ကို အမည်မသိ လက်နက်ကိုင် တစ်ခုက တိုက်ခိုက်ခဲ့လို့ စစ်အစိုးရ ဘက်က ဗိုလ်တစ်ယောက် သေဆုံးပြီး တပ်သား ၂ ယောက် ဒဏ်ရာ အပြင်းအထန် ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နောက်တနေ့မှာတော့ မိုင်းနောင် ရဲကင်း ၄ ယောက် ခြုံခို အတိုက်ခံရလို့ ရဲအရာရှိ တစ်ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ဒီနယ်မြေမှာက SSA မြောက်ပိုင်းနဲ့ တောင်ပိုင်းတပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်ပါ တယ်။ ဒီလို တိုက်ခိုက်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလော်ဆိုင်းက အမည်မသိ လူတစ်စုက နွား ကျောင်းသားယောင် ဆောင်ပြီး လမ်းကင်း စခန်းတွေကို ဝင်တိုက် တယ်လို့ သူ ကြားရတဲ့ အကြောင်း ဘယ်သူတွေရဲ့ လက်ချက် ဆိုတာ မသိတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

SSA မြောက်ပိုင်းကလည်း စစ်အစိုးရတပ်တွေ အခုလို ထပ်ပြီး တက်လာ နေလို့ သူတို့ အနေနဲ့လည်း ပြင်ဆင်မှုတွေ လုပ်ထားတဲ့ အကြောင်း ဒါပေမဲ့ သူတို့ဘက် ကတော့ စတင် တိုက်ခိုက်မှာ မဟုတ်ဘဲ အစိုးရ ဘက်က ဝင်တိုက် လာရင်တော့ ခုခံရမှာပဲလို့ ပြောပါတယ်။

ဒီလို ရှမ်းပြည်မြောက်ပိုင်းမှာ စစ်အစိုးရတပ်တွေ တိုးမြှင့် ချထားမှုဟာ ရွေးကောက်ပွဲနဲ့ နီးလာတာနဲ့ တိုက်ဆိုင် နေသလို မိုင်းနောင် ဒေသ အတွင်း တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် လည်း ဖြစ်နိုင် ပါတယ်။