ရွေးကောက်ပွဲပြီးရင် ပြန်ရမယ်လို့ဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ် ဖိရွန်ဟာ မဲဆောက်မြို့ အနီးက မယ်လ ဒုက္ခသည် စခန်းကို ရောက်ရှိတဲ့ အခိုက် မြန်မာနိုင်ငံက ရွေးကောက်ပွဲအပြီး နောက် တက်လာမယ့် အစိုးရအဖွဲ့ အသစ် လက်ထက်မှာ စခန်းက ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ရဖို့ ရှိတယ်လို့ ပြောသွား ပါတယ်။

Image caption ထိုင်းနိုင်ငံခြားရေးဝန်ကြီး (အလယ်ကလူ ရှပ်အင်္ကျီနှင့်) စခန်းက ကျောင်းအရောက်

မြန်မာနိုင်ငံမှာ အဆင်သင့် ဖြစ်တဲ့အခါ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ ရှိတာမို့ ကျန်းမာရေး ကောင်းအောင် လုပ်ထားဖို့နဲ့ အသက်မွေး ဝမ်းကျောင်း ပညာတွေ သင်ယူထားကြဖို့ လိုတဲ့ အကြောင်း ဒီကိစ္စ တွေကို တဆင့်ပြီး တဆင့် လုပ်သွားရမှာ ဖြစ်တယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက သတိပေး ထုတ်ဖေါ် ပြောဆို သွားပါတယ်။

ဒါပေမယ့် မြန်မာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့မယ့် ကိစ္စမှာ အတင်းအဓမ္မ ပြန်ပို့တာ မျိုးတော့ လုပ်မှာ မဟုတ်ဘူး လို့လည်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောသွား ပါတယ်။

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံသား ဒုက္ခသည် တစ်သိန်း လောက်ရှိတဲ့ အထဲက သောင်းဂဏန်း အရေအတွက်ရှိတဲ့ ဒုက္ခသည် တွေကို တတိယ နိုင်ငံတွေမှာ အခြေချဖို့ ပို့ပေး လိုက်ပေမယ့် နောက်ထပ် ဒုက္ခသည်တွေ ထပ်ပြီးရောက်လာ နေတာကြောင့် ဒုက္ခသည် အရေအတွက်ဟာ လျှော့သွားခြင်း မရှိဘူးလို့ ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တာက မြန်မာ ဒုက္ခသည် တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုဝင် တွေက မေးမြန်း လာခဲ့ရင် အခြေအနေ အမှန်ကို ပြောပြနိုင်ဖို့ အတွက် သွားရောက် ခဲ့တာလို့ ဆိုပါတယ်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဟာ ဒုက္ခသည် စခန်းတာဝန်ရှိသူ တွေနဲ့ တွေ့ဆုံပြီး ဒုက္ခသည် တွေရဲ့ စားဝတ်နေရေး ပညာရေးနဲ့ ကျန်းမာရေး အခြေအနေတွေကို ဆွေးနွေးခဲ့ ပါတယ်။