ဂီရိမုန်တိုင်း ကုန်းတွင်းပိုင်း ဝင်ရောက်

Image caption မန္တလေးတိုင်းတွင်း လေတိုက်နှုန်း တနာရီ ၃၀-၄၅ မိုင်အထိရှိနိုင် (ဓာတ်ပုံ MCCW)

ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ် ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း ဂီရိဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားကာ ကုန်းတွင်း မုန်တိုင်းငယ်တခု အဖြစ် ပြောင်းလဲသွားပြီဖြစ်ပါတယ်။

မုန်တိုင်းဟာ အရှေ့မြောက် ဖက်ဆီကို ရွေ့လျားရင်း မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း အတွင်းကို ရောက်ရှိနေပါတယ်။ လေတိုက်နှုန်း တနာရီ မိုင် ၃၀ ကနေ ၄၅ မိုင် အထိ ရှိနိုင်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အစပျိုး တိုက်ခိုက်ခဲ့တဲ့ ဒီမုန်တိုင်းဟာ မနေ့က ရခိုင်ကမ်းရိုးတန်း ကို ဝင်ရောက်ပြီး ကျောက်ဖြူမြို့အနီးမှာ တနာရီ မိုင် ၁၀၀ နှုန်းနဲ့ ဖြတ်တိုက်သွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် သစ်ပင်လဲတာတွေ၊ အဆောက်အဦးတချို့ ပြိုတာတွေနဲ့ ဓါတ်မီးတိုင်တွေ ကျိုးခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဒေသအတွင်း၊ ခရီးသွားလာရေးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ကုန်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင်း ထိခိုက်သေကြေ ဆုံးရှုံးမှုတွေ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

မုန်တိုင်းဟာ တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရှိ ရပါတယ်။