ဒုတိယ ပင်လုံ အတွက် ကလေးမြို့ ကြေငြာ စာတမ်း

Pang Long
Image caption ပင်လုံ ကျောက်တိုင်နဲ့ တိုင်းရင်းသားများ

ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီး ဒီနေ့နေ့စွဲနဲ့ ကြေငြာစာတမ်းတစောင် ထုတ်ပြန် လိုက်ပါတယ်။

ကလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ ဇိုမီး အမျိုး သားကွန်ဂရက်စ်ရဲ့ ၂၂ မြောက် အခမ်းအနားမှာ ဒီကြေငြာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကလေး မြို့ ဆုံးဖြတ်ချက် ကြေငြာစာတမ်းလို့ အမည် ပေးထားပါတယ်။

တပြည်ထောင်စနစ်လည်းမဟုတ် ခွဲထွက်ရေးလည်းမဟုတ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ဖို့အတွက် တိုင်းရင်းသားအားလုံးပါဝင် ဆွေးနွေးနိုင်ဖို့ ဒီညီလာခံကို ခေါ်ယူမှာ ဖြစ်တယ်လို့ဆိုပါတယ်။

စစ်အစိုးရရဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တဘက်သတ်ရေးဆွဲထားတဲ့ အခြေခံ ဥပဒေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဟာလည်း အတုအယောင်သာ ဖြစ်တဲ့ အတွက် တိုင်းရင်းသား ပြဿနာကို ပြေလည် အောင် ဖြေရှင်းနိုင်မယ့် ညီလာခံတခု ကျင်းပဖို့ ဆုံးဖြတ်လိုက်တာလို့ ဇိုမီးအမျိုးသားကွန်ဂရက်စ်ရဲ့ ဥက္ကဌ ပုကျင်ရှင်းထန်က ဘီဘီစီကို ပြောပါတယ်။

ဒီကြေငြာစာတမ်းကို ချင်း၊ ကရင်၊ မွန်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တွေ အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အတူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေလည်း ပါဝင် လက်မှတ် ရေးထိုးထားတာ တွေ့ရပါတယ်။

တိုင်းရင်းသားလူမျိုးတွေနဲ့ မြန်မာစစ်အစိုးရတို့အကြား တင်းမာမှုတွေ တိုးတက် ဖြစ်ပေါ်နေပြီး ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားလာမယ့် အခြေအနေကို တားဆီးနိုင်ရေးအတွက် တိုင်းရင်းသားအားလုံး ပါဝင်ဆွေးနွေးနိုင်မယ့် ဒုတိယပင်လုံညီလာခံ ခေါ်ယူတဲ့ နည်းသာ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။