နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2010 - 15:34 GMT

ရွေးကောက်ပွဲ နောက်ဆုံးရသတင်းများ

တိုက်ရိုက်တင်ပေးနေတဲ့ နောက်ဆုံးသတင်းများ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်
ဒီစာမျက်နှာက အလိုအလျောက် အသစ်တင်ပေးပါတယ်။

စာမျက်နှာကို ပြန်ဖွင့်ရန်

၁၁-၁၁-၂၀၁၀ (ကြာသပတေး)

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်က သူအနိုင်ရကြောင်း ကော်မရှင်က လက်မှတ်ထိုးခိုင်းလို့ ထိုးပေးခဲ့ရပြီးမှ မြန်မာ့ရုပ်မြင်သဲကြားက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် အနိုင်ရကြောင်း ကြေငြာသွားတယ်လို့ ဆိုပါတယ်။

မြို့နယ်ကော်မရှင် ဥက္ကဌကို မေးတော့ ကော်မရှင်ဥက္ကဌကတော့ သူ မသိလိုက်ရတဲ့ အကြောင်း ပြောတယ်လို့ ဒေါက်တာစောနိုင်က ဘီဘီစီကို ပြောပြပါတယ်။

----

၁၀-၁၁-၂၀၁၀ (ုဒ္ဓဟူးနေ့)

အမျိုးသား ဒီမိုကရေစီ အင်အားစု (အင်ဒီအက်ဖ်) က ကြိုတင်မဲတွေကိစ္စ၊ ရွေးကောက်ပွဲ မှာ မဲ ရေတွက်ပုံနဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ ကိစ္စတွေကို ကော်မရှင်ကို တင်ပြ ကန့်ကွက်သွားမယ်လို့ ပါတီက ဒီကနေ့ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်ပါတယ်။

ဒိမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း လေးနေရာ အနိုင်ရထားတယ်လို့ စောစောပိုင်းက သိထားရာကနေ ဒီနေ့တော့ တစ်နေရာပြုတ်သွားပြီး သုံးနေရာပဲ ကျန်တော့ပါတယ်။

ရွေးကောက်ပွဲ ပြီးလို့ သုံးရက်ကြာမှာ ရောက်လာတဲ့ ကြိုတင်မဲတွေ ကြောင့် သာယာဝတီ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းစိန် အနိုင်ရတယ်လို့ သိထားပြီးမှ ပြန် ရှုံးသွားတာဖြစ်တယ်လို့ ပါတီ ဥက္ကဌ ဦးသုဝေက ဘီဘီစီကို ပြောပါတယ်။

----

၉-၁၁-၂၀၁၀ (အင်္ဂါနေ့) ညပိုင်းအထိ သိရသမျှ

ကြံ့ခိုင်ရေးပါတီက ၈၀ ရာခိုင်နှုန်းလောက် နိုင်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောနေတဲ့အကြောင်း ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တစညပါတီက ကိုယ်စားလှယ် ၁၀၀၀ နီးပါး ဝင်ပြိုင်ရာမှာ လောလောဆယ်အချိန်ထိ ၅၇ နေရာပဲ နိုင်နေပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း ၄၇ နေရာမှာ ၄ နေရာပဲ နိုင်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။။

 တခြားပါတီငယ်လေးတွေလည်း ယှဉ်ပြိုင်တဲ့ နေရာ အားလုံးနီးပါးမှာ ရှုံးနိမ့်ခဲ့တယ်လို့ လောလောဆယ်အချိန်ထိ သိရပါတယ်။

 တိုင်းရင်းသားပါတီတွေကတော့  ရှုံးနိမ့်မှုနည်းတာ တွေ့ရပါတယ်။ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဆိုရင် ယှဉ်ပြိုင်တဲ့ အရေအတွက် ၁၅၆ နေရာမှာ လောလောဆယ် အချိန်ထိ အမတ်နေရာ ၅၇ နေရာလောက်မှာ အနိုင်ရနေပါတယ််။

 တစ်ခါ ရခိုင်ပြည်နယ်မှာလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ၄၄ နေရာဝင်ပြိုင်ရာမှာ လောလောဆယ်အချိန်ထိ ၃၅ နေရာ ရတယ်လို့ သိရပါတယ်။

 မွန်ပြည်နယ်မှာ အဓိကပြိုင်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကလည်း ၃၄ ဦးပြိုင်ရာမှာ လောလောဆယ် ၁၆ ဦးအနိုင်ရတယ်လို့ သိရပါတယ်။

 ကရင်ပြည်သူ့ပါတီကတော့ ၁၆ နေရာမှာ လောလောဆယ် ၇ နေရာ အနိုင်ရနေတယ်လို့ ပြောပါတယ်။

 -----

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစောနိုင်က မဲရုံမှာ ရေတွက်တဲ့ မဲအရေအတွက်နဲ့ မြို့နယ်ကော်မရှင်ရုံးရောက်တော့ ဖြစ်သွားတဲ့ မဲ အရေအတွက် ကွာခြားနေတဲ့ အပေါ် ကန့်ကွက်ခဲ့တဲ့ အတွက် မဲပြန်ရေတွက်ခဲ့ရပြီး အနိုင်ရသွားခဲ့ပါတယ်။

-----

အမျိုးသားဒီမိုကရေစီ အင်အားစုက ရန်ကုန်နဲ့ မန္တလေး မြို့နယ် အသီးသီးမှာ ကိုယ်စားလှယ် ၁၈ ယောက် အနိုင်ရခဲ့တယ်လို့ဆိုပါတယ်၊ စမ်းချောင်းမြို့နယ်မှာ ဦးစိုးဝင်းက ကြံ့ခိုင်ရေးပါတီက ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာပိုင်စိုးကို အနိုင်ရခဲ့ပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာ စစ်သင်တန်း အသီးသီးလာတက်သူ သင်တန်းသားတွေ ဆီက ကြိုတင်မဲတွေ ကောက်ထားတာကိုလည်း ကန့်ကွက်သွားမယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ရန်ကုန် မင်္ဂလာဒုံမြို့နယ်က ဝင်ပြိုင်တဲ့ အမျိုးသား နိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်က ဦးကြည်ဝင်းကတော့  သူတို့ကိုယ်စားလှယ်လောင်းတွေ အားလုံး အခြေအနေမကောင်းဘူးလို့ ဆိုပါတယ်။ မဲရုံတွေကို တပ်တွင်းမှာ ထားတဲ့ အတွက် စစ်သားတွေနဲ့ မိသားစုတွေက လွတ်လွတ်လပ်လပ် မဲပေးခွင့်မရခဲ့ကြဘူးလို့လည်း ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဌဦးသုဝေက သူဝင်ပြိုင်တဲ့ ရန်ကုန် မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်ကြည် အနိုင်ရသွားတယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီက ဒေါ်နေရီ ဗဆွေ၊ ဒေါ်သန်းသန်းနုတို့လည်း အနိုင်မရဘူးလို့သိရပါတယ်။

တနင်္လာနေ့မနက် ၈ နာရီ အချိန်အထိ သိရသမျှ ကြို့ပင်ကောက်မဲဆန္ဒနယ်မှာ ဝင်ပြိုင်တဲ့ ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းထက် မဲ အရေအတွက်နဲနေပြီး မဲ ရေတွက်မှုကတော့ မပြီးသေးဘူးလို့ သိရပါတယ်။

--------

၁၉:၁၅ နေပြည်တော် မဲဆန္ဒနယ်တွေမှာတော့ ရှေ့ပြေး ရလာဒ်တွေအရ ကြိုတင်မဲရော မဲရုံမှာလာပေးတဲ့ မဲအရပါ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အနိုင်ရနေတယ်လို့ သိရပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ တပ်ကုန်း မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးသန်းကတော့ ကြိုတင်မဲတွေက အဆုံးအဖြတ်ပေးသွားတာလို့ ပြောပါတယ်။

မကွေးမြို့က စျေးလယ်စိုးရပ်ကွက် မဲရုံအမှတ် (၁) မှာ မဲဆန္ဒရှင်တွေရှေ့မှာ မဲမရေတွက်ပဲ အခန်းပိတ်ရေတွက်နေတယ်လို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်က ဝင်ကြည့်ဖို့ တောင်းဆိုပေမယ့် ကြည့်ခွင့်မပေးဘူးလို့ သိရပါတယ်။

မဲရုံတွေမှာလာ ရောက် မဲပေးတဲ့ သူ အရေအတွက်တော့ တော်တော်နည်းပါတယ်။ ရေနံချောင်း၊ အောင်လံ၊ စကု၊ မကွေး၊ နဲ့ မြင်းမူတို့မှာ လာရောက်မဲပေးသူ အတော်ကြီးနည်းတာတွေ့ရပါတယ်။ ရေနံချောင်းက တချို့မဲရုံတွေမှာဆိုရင် ၄ဝ ရာခိုင်နှုန်းနဲ့ (၆ဝ) ရာခိုင်နှုန်းကြားမှာပဲရှိပါတယ်။ မုံရွာမှာတော့ ကျေးရွာတွေမှာ မဲလာပေးသူများပြီး မြို့ပေါ်မှာတော့ နည်းပါတယ်။

ပဲခူး အထက ၆ ကျောင်းမှာ ဖွင့်ထားတဲ့ မဲရုံမှာ တံခါးပိတ်ပြီး မဲရေတွက်နေတာကို ဝင်ကြည့်ချင်တဲ့ ပြည်သူတွေကို မဲရုံက ဝင်ခွင့်မပေးတဲ့ အတွက် အခြေအတင်ဖြစ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီတစ်ခုပဲ မဲရုံကိုယ်စားလှယ်ထားနိုင်ပြီး အထဲမှာ ဝင်နေနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ် အမှတ် ၁၁ မဲရုံမှာ လာရောက်မဲပေးသူ ၆၅ ရာခိုင်နှုန်းရှိတယ်လို့ မဲရုံမှုးက ကြေငြာခဲ့ပါတယ်။ ကြိုတင်မဲမှာ ကြံ့ခိုင်ရေးက အသာစီးရသလို မဲရုံမှာလည်း ကြံ့ခိုင်ရေးကလည်း မဲအနိုင်ရနိုင်တယ်လို့ သွားကြည့်ခဲ့သူ တစ်ဦးကပြောပါတယ်။

 မနက် ၁၁ နာရီလောက်မှာ ကော့ကရိတ်အခြေစိုက် ခလရ (၉၇) က လက်နက်ကြီးတွေ နဲ့ ခြောက်လှန့်ပစ်ခဲ့တဲ့ အတွက် ရွာသားတွေ မဲလာမပေးရဲပဲ နေခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မန္တလေးတိုင်း အမရပူရ မြို့နယ် အတွင်းက ကျေးရွာ တချို့မှာ နေ့လည် ၁ နာရီခွဲ ကတည်းက မဲရုံတွေပိတ်ပြီး မဲရေတွက် နေပြီလို့  ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။

ဒဂုံမြို့သစ် တောင်ပိုင်း ၄၄ ရပ်ကွက်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက မိသားစု ၇ ဦးအတွက် မဲတွေကို တဦးတည်းက ထည့်စေခဲ့တယ်လို့ မဲသွားထည့် သူတဦးက ပြောပါတယ်။ ဆန္ဒမဲ ကိုလည်း ကိုယ်တိုင်မထည့်ရဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးကဘဲ ယူပြီးထည့် ခဲ့တယ်လို့ သူက ဆိုပါတယ်။ ဆန္ဒပြုရာမှာလည်း လုံခြုံမှု လွတ်လပ်မှုမရှိဘူးလို့ အဲဒီ မဲဆန္ဒရှင်က ပြောပါတယ်။

မဲမပေးဖို့ လှုပ်ရှားမှုတွေ သိတ်အောင်မြင်တယ်လို့ မထင်ဘူးလို့လည်း ဒေါ်ချိုချိုကျော်ငြိမ်းက ပြောပါတယ်။

၀၈၀၀ ကြို့ပင်ကောက် မဲဆန္ဒနယ်က ရွေးကောက်ခံ ကိုယ်စားလှယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှုး ၁ ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ထင်ထားတာထက် မဲပေးဖို့လာကြသူတွေ များတယ်လို့ဆိုပါတယ်။

၀၈:၀၀ ကမာရွတ်မှာပဲ မဲထည့်ခဲ့သူ အမျိုးသားတစ်ယောက်ကတော့ ညနေ မဲရေတဲ့ အချိန် လာစောင့်ကြည့်ချင်ကြောင်း ပြောတာကို မဲရုံမှုးက မရဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်၊ မဲတွေကိုလည်း မြို့နယ်ကော်မရှင် ရုံးကို ပို့ပြီး ရေတွက်စေမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။  

ဝ၇:၃၀ ဆန္ဒမဲကို လွတ်လွတ်လပ်လပ် ပေးခွင့်ရခဲ့တယ်လို့ ကမာရွတ်မြို့နယ်မှာ မဲသွားထည့်ခဲ့သူ အမျိုးသမီး တစ်ဦးကပြောပါတယ်။

၀၇:၁၅ နေပြည်တော်မှာလဲ မဲပေးသူ အသင့်အတင့်ရှိတယ်လို့ သိရပါတယ်။

၀၇:၀၀ နေပြည်တော်မှာတော့ မဲရုံတွေနားမှာ နဲ့ လမ်းတလျှောက်မှာ ရဲတွေ စောင့်နေကြတယ်လို့ မြို့ခံတယောက်က ပြောပါတယ်၊  

၀၇၁၅ ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာတော့ ကြိုတင်မဲတွေ ယူထားပြီးသားဖြစ်လို့ မဲလာပေးသူ နဲနဲပဲ ရှိနေပါတယ်။  

၀၇၁၅ မကြာသေးခင်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေမှာလည်း မဲရုံတွေ ဖွင့်နေပေမယ့် မဲလာထည့်သူ သိတ်မရှိလှဘူးလို့ သိရပါတယ်၊

၀၇၀၀ စစ်တွေမှာ မနက်စောစောကတည်းက မဲလာပေးသူတွေ မဲရုံရောက်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

၀၇:၀၀ မဲရုံတွေမှာ တဖွဲဖွဲနဲ့ မဲလာပေးနေသူတွေ ရောက်လာနေကြတယ်လို့ ရန်ကုန် ကမာရွတ်မြို့နယ်မှာ မဲသွားထည့်ခဲ့သူ တစ်ဦးကပြောပါတယ်။

သိန္ဒီမဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူ ၁၄၀၀၀ ရှိတဲ့ အထဲက ကြိုတင်မဲ ၄၀၀၀ ကျော် ယူထားတာကိုလဲ ပယ်ဖျက်ပေးဖို့ ကော်မရှင်ကို တင်ပြထားတယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေသစီအဖွဲ့ချုပ် ဥက္ကဌ စိုင်းအိုက်ပေါင်းက အခု ရွေးကောက်ပွဲမှာ အာဏာပိုင်တွေ ဖက်က ဖိအားတွေ အဓမ္မ ကြိုတင်မဲ ယူတာတွေ ရှိနေတဲ့ အတွက် အရင်မှန်းထားသလောက် သူတို့ အနိုင်ရဖို့ မလွယ်ဘူးလို့ ပြောပါတယ်။

၀၆:၀၀ မဲရုံတွေ တစ်နိုင်ငံလုံး စဖွင့်ပြီ။

 

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။