နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ဘန်ကီမွန်းပြော

Ban Ki Moon
Image caption မြန်မာ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ဘန်ကီမွန်း ပြော

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းဝန်ကြီးချုပ် ရုံးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ မြန်မာ့လက်ရှိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာ တွေဟာ နောက်မကျသေးဘူးလို့ ပြောသွားပါတယ်။

ဒီရွေးကောက်ပွဲဟာ အားလုံး ပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ အများ ယုံကြည် လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ရေးကို သူအနေနဲ့ အထူး မျှော်လင့်ထားတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအပြီး ပြည်သူ့ဆန္ဒအမှန်ကို ရောင်ပြန်ဟပ်တဲ့ အားလုံးပါဝင် နိုင်တဲ့ အစိုးရသစ် တစ်ရပ်ကို ဘယ်လိုဖွဲ့စည်း ကြမလဲဆိုတဲ့ ရွေးကောက်ပွဲ ကာလ အခြေအနေက ပိုလို့တောင် အရေးကြီးပါသေးတယ်လို့ ပြောပါတယ်။

ဒါဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့် စောင့်ကြည့်နေတဲ့ ကိစ္စလည်း ဖြစ်တာမို့ မြန်မာအစိုးရအတွက်တော့ စမ်းသပ်မှုကြီး တစ်ခုပါလို့ အတွင်းရေးမှူးချုပ်က တိတိကျကျကို ပြောသွားပါတယ်။

တခါ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရနဲ့ ရေရှည် ဆက်ဆံရေးကို ကုလသမဂ္ဂအနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒါဟာ အာဆီယံ ချမှတ်ထားတဲ့ လုပ်ငန်းစဉ် ဖြစ်တဲ့ အားလုံး ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်လို့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။

နောက်ပြီး လာမယ့် ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး အများလက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ နောက်မကျသေးပါဘူး လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒီလိုလွှတ်ပေးမှသာလျှင် မြန်မာ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ဖြစ်စဉ်မှာ အားလုံး ပါဝင်နိုင် ကြောင်း ပြသနိုင်မယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

တခါ ကုလသမဂ္ဂအနေနဲ့ လာမယ့်ရွေးကောက်ပွဲ အတွက် လိုအပ်တဲ့ အကူအညီတွေ ပေးမယ် လို့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာဘက်က ပြည်ပ အကူအညီ မလိုဘူး ဆိုပြီး လက်မခံခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အောက်တိုဘာလ၂၈ ရက်ကစပြီး ကျင်းပဖို့ ရှိတဲ့ ကုလသမဂ္ဂနဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲရဲ့ သီးသန့် ဆွေးနွေးပွဲ အဖြစ် မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲဟာ အားလုံး ပါဝင်နိုင်ပြီး တရားမျှတတဲ့ အများယုံကြည်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ရေး အတွက် အပြုသဘော ဆောင်တဲ့ တစ်ခုခု ဆွေးနွေးနိုင်ဖို့ သူအနေနဲ့ မျှော်လင့်ကြောင်း ကုလသဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဘန်ကောက် ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။