တိုင်းရင်းသား အပစ်ရပ် နဲ့ အပစ်မရပ်အဖွဲ့ တွေ ဆွေးနွေးပွဲထိုင်

kachin
Image caption စစ်ရေး ပြင်ဖို့ စဉ်းစားနေရတဲ့ တိုင်းရင်းသားတပ် တခု

စစ်အစိုးရ နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အပြင် အပစ်ရပ် သဘောတူညီမှု မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ပါဝင် တဲ့ တိုင်းရင်းသား ၆ ဖွဲ့တို့ဟာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်မှာ ရှိတဲ့ KNPP အဖွဲ့ ဌါနချုပ် ရုံးမှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ဒီဆွေးနွေးပွဲ ဟာ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေတုန်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ က တော့ အစိုးရ က သူတို့ကို ရွေးကောက်ပွဲ အပြီး ထိုးစစ်ဆင် တိုက်ခိုက်လာမယ် ဆိုရင် ပူးပေါင်း ခုခံရေး အတွက် စစ်ရေး မဟာမိတ် ဖွဲ့နိုင်ရေး နောက်တကြိမ် ဆွေးနွေး နေကြတာလို့ ယူဆရမှာ ဖြစ်ပါ တယ်။

တိုင်းရင်းသားအဖွဲ့ တွေဟာ ဒီနေ့ က စလို့ သောကြာနေ့ အထိ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အခု စစ်ရေး မဟာမိတ် လုပ်ဖို့ ကြိုးစား နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကတော့ KNU ကရင်အဖွဲ့၊ KNPP ကရင်နီအဖွဲ့၊ KIO ကချင်အဖွဲ့၊ မွန်ပြည်သစ် ပါတီ၊ ဝ တပ်ဖွဲ့နဲ့ ချင်း အမျိုးသား တပ်ဦးတို့ ဖြစ်ပြီး အရင် လဆန်းပိုင်း တုန်း က သူတို့ တကြိမ် တွေ့ဆုံ ခဲ့ပါတယ်။

ဒီအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တဖွဲ့ဟာ ပြီးခဲ့တဲ့ လတုန်းက အမေရိကန်ကို သွား ကာ အစိုးရ အရာရှိတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ အပြီး အပြန် အခုလို တွေ့ဆုံ ဆွေးနွေး ကြတာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ မဟာမိတ် ၆ ဖွဲ့ရဲ့ တွေ့ဆုံပွဲ အပြီးမှာ KNU အဖွဲ့ ဒုတိယဥက္ကဌ ပဒို ဒေးဗစ် သာကပေါ က ရွေးကောက်ပွဲ ပြီးရင် နအဖ ဖက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကို ထိုးစစ် ဆင်လာ နိုင်စရာ အကြောင်း မြင်နေ ရလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ကလည်း ပူးပေါင်းပြီး ပြောက်ကျား စံနစ် နဲ့ ခုခံ သွားကြဖို့ ဆွေးနွေး တိုင်ပင် ကြတာလို့ ပြောပါတယ်။

အခု ပြုလုပ်နေတဲ့ ဆွေးနွေးပွဲမှာတော့ ဘာတွေ ဆွေးနွေး တိုင်ပင်ကြ မလဲ ဆိုတာ မသိရ သေးပါဘူး။

ရွေးကောက်ပွဲ ပြီးရင် နောက်တက်လာမယ့် အစိုးရ ဟာ စစ်အစိုးရကို ဆက်ခံတာ ဖြစ်လို့ စစ်အစိုးရက ပုံသဏ္ဍာန်တမျိုးနဲ့ ဆက်ပြီး တည်ရှိနေမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်ထားတဲ့ သဘောထား ကလည်း ပြောင်းလဲ သွားစရာ မရှိဘူးလို့ သုံးသပ်တဲ့ အကြောင်း ပဒို ဒေးဗစ်သာကပေါ က ဘီဘီစီ ကို ပြောပြ သွားပါတယ်။