ကျောင်းသားနဲ့ သံဃာတွေ သပိတ်မှောက်

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများဆိုင်ရာ အဖွဲ့ချုပ်တို့ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထပ်ပြီးတော့ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။

Image caption အဖွဲ့လေးခုပေါင်းပြီး သပိတ်မှောက်ဖို့ နှိုးဆော် တိုက်တွန်းလာတာ ဖြစ်ပါတယ်။

ဗကသ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဇာနည်က မိမိတို့အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ထုတ်ကတည်းက ဒီရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ နည်းပေါင်းစုံ သုံးပြီး စည်းရုံး လှုံ့ဆော်မှုတွေ လုပ်ခဲ့တဲ့အကြောင်း အခုလည်း အဲဒီကိစ္စကို အရှိန်အဟုန်မြှင့်ပြီး လုပ်ဖို့ ရည်ရွယ်ပြီး အခုလို နှိုးဆော်တာလို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ အပြောင်းအလဲ တခုခု လုပ်ပေးနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူထုက မဲပေးမိမှာကို သူတို့အနေနဲ့ စိုးရိမ်တဲ့ အကြောင်း တကယ်လို့ အဲသလို အမြင်နဲ့ မဲပေးမိရင် ပိုမို ဆိုးရွား သွားစေမှာ ဖြစ်ကြောင်း၊ ဒါကြောင့် လူထုကို မဲမပေးမိအောင် အခုလို လှုံ့ဆော်တာ လို့ ကိုဇာနည်က ပြောပါတယ်။

ရန်ကုန်မြို့လိုနေရာတွေမှာ မဲပေးမယ့်သူ နည်းနိုင်ပေမယ့် မြန်မာ တနိုင်ငံလုံး အနေအထားနဲ့ ဆိုရင်တော့ မဲပေးမယ့်သူ များနိုင်တယ်လို့ သူထင်တဲ့အကြောင်းနဲ့ ဒါကြောင့်မို့ မြို့ပေါ်တွေ တင်မက ကျေးလက်တွေ အထိ စည်းရုံး လှုံ့ဆော်မှုတွေ ကြိုးစား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆက်လက် ပြောပါတယ်။