မြစ်ဆုံမှာ တရားမဝင် ရွှေကျင်မှု

Image caption ဗန်းမော်မြို့အနီးက ရွှေကျင်နေသူ တဦး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်းက ဧရာဝတီနဲ့ တာပိန်မြစ် အကြားက မန်သဲ ၊ ကျွန်းကြီး ၊ မိုင်းကာ ၊ ညောင်ကုန်း ၊ အလယ်စု ၊ ကမ်းနီ ၊ ကုန်းခါး ၊ မန်ပင် စတဲ့ ရွာ ရှစ်ရွာ ရှိနေပြီး ဧရာဝတီနဲ့ တာပိန်မြစ် ဆုံတဲ့ နေရာ အနီး ထိပ်ဆုံးကျတဲ့ ရွာနှစ်ရွာက မန်သဲနဲ့ ကျွန်းကြီးရွာတို့ ဖြစ်ပါတယ်။

အဲဒီ မြစ်ဆုံနေရာ တဝိုက်မှာ ရွှေပါတဲ့ သဲတွေကို စုတ်ယူဖို့ လိုအပ်တဲ့ စက်ကိရိယာ မျိုးစုံ တပ်ဆင်ထားတဲ့ မော်တော် ၁ဝစီးနဲ့ တရားမဝင် ရွှေကျင်လုပ်ငန်း လုပ်ဆောင် နေမှုကြောင့် ရေစီးကြောင်းတွေ ကမောက်ကမ ဖြစ်ပြီး ရွာတွေမှာ ရေအမြင့် တပေလောက်အထိ တက်လာတာနဲ့ ကြုံရတာကြောင့် ရွာပျောက်သွားမှာကို ရွာသူရွာသားတွေ စိုးရိမ်နေကြပါတယ်။

အခုလို စက်ကိရိယာတင် မော်တော် ၁ဝ စီးနဲ့ ရွှေကျင်လုပ်ငန်းကို တရားမဝင် အကြီးအကျယ် လုပ်ဆောင်နေသူတွေဟာ ဗန်းမော်မြို့ပေါ်မှာ အာဏာပိုင် တွေနဲ့ အလွမ်းသင့်သူတွေ ဖြစ်ပါတယ်။

ဗန်းမော် အာဏာပိုင်တွေက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ရံပုံငွေ အတွက် လို့ဆိုပြီး အဲဒီ တရားမဝင် ရွှေကျင်သူတွေ ဆီက တရက် ဆယ်သိန်း လာဘ်ယူကာ မသိချင်ယောင်ဆောင် မျက်စိမှိတ် ခွင့်ပြုပေးထားကြတာ ဖြစ်ပါတယ်။

ဒီနှစ် သြဂုတ်လ တုန်းကလည်း အဲဒီ နေရာတဝိုက်မှာ တရားမဝင် ရွှေကျင်ခဲ့ကြတဲ့ မော်တော် ၂ဝ စီးကျော်ကိုတော့ သက်ဆိုင်ရာက ဖမ်းဆီး အရေးယူခဲ့ပါတယ်။

လက်ရှိ တရားမဝင် ရွှေကျင် နေကြသူတွေကို လာဘ်ငွေယူ မျက်စေ့မှိတ် ပေးထားတဲ့ အပေါ် အရင် အဖမ်းခံရဖူးသူတွေက မကျေမနပ် ဖြစ်နေကြသလို ဒေသခံ တွေကလည်း ရွာလုံးကျွတ် ရေလွှမ်းခံရမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။

အခုလို တရားမဝင် ရွှေကျင်မှုတွေဟာ နေ့ခင်းပိုင်းမှာ ပေါ်ပေါ်ထင်ထင် လုပ်ခွင့် မရတာကြောင့် ညပိုင်းမှာ လုပ်ဆောင် နေကြရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းကနေ အခု အချိန်ထိ ညစဉ်ညတိုင်း တရားမဝင် ရွှေကျင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။