ကြိုတင်မဲပေးမှု စတင်၊ ဖိအားပေးမှုတွေ ရှိ

နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲတွေ ဒီကနေ့ စတင် ပေးခဲ့ကြ ပါတယ်။

Image caption ကြိုတင်မဲတွေ စပေးပြီ

ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ တာဝန် ထမ်းဆောင်ဖို့ ရှိတဲ့ အစိုးရ ဝန်ထမ်းတွေနဲ့ ခရီးသွားလာဖို့ ရှိသူတွေက ဒီကနေ့ နဲ့ မနက်ဖြန် နှစ်ရက် မဲပေးကြမှာ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ် ရပ်ကွက် ကော်မရှင်ရုံးမှာတော့ မဲစာရင်းမှာ ပါတဲ့ မှတ်ပုံတင် နံပါတ်နဲ့ ကိုယ်ယူ သွားတဲ့ မှတ်ပုံတင် နံပါတ် ကိုက်ညီမှု ရှိမရှိ စစ်ဆေး ပြီး မဲထည့်ခဲ့တဲ့ အကြောင်း ဒီကနေ့ ကြိုတင်မဲ ပေးခဲ့တဲ့ စာရေးဆရာ မောင်မင်း က ဘီဘီစီ ကို ပြောပါတယ်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွွှတ်တော် တွေအတွက် တခု တစေါင်စီ မဲ သုံးစေါင်ကို စာအိတ်နဲ့ ထည့်ပေးခဲ့တဲ့ အကြောင်း သူက ပြောပါတယ်။

အခုလို မဲပေးခဲ့ရတာနဲ့ ပတ်သက်ပြီး သူ့အဖို့ ခံစားမှု သုံးမျိုးရှိတဲ့ အကြောင်း၊ ပထမ တစ်ခုက အခွင့်အရေး တခုတော့ ရကောင်းရဲ့ ဆိုပြီး မျှော်လင့်ချက်နဲ့ ကိုယ့်အခွင့် အရေးကို ကိုယ် အသုံးချခွင့် ရခဲ့တယ် ဆိုတဲ့ ခံစားမှု၊ နောက်တခုက မဲတော့ ပေးလိုက်ပြီ၊ ကျန်တာက ကိုယ်မြင်ရတာ မဟုတ်တော့ဘူး ဆိုတဲ့ ခံစားမှုလည်း ချက်ချင်း ဖြစ်လာတယ်လို့ မောင်မင်းက စာရေးဆရာပီပီ ပြောတယ်။

မဲက ကိုယ်ပစ်တဲ့ဆီ ရောက်ပါ့မလားဆိုတဲ့ ခံစားမှုနဲ့ နောက်ဆုံး ခံစားမှုက ရလဒ်တွေ ဘယ်လို ထွက်လာမလဲ ဆိုပြီး မဲပေး ပြီးပြီးချင်း ခံစားမှု သုံးမျိုး ဖြစ်ခဲ့တယ်လို့ စာရေးဆရာ က ပြောပါတယ်။

ကြိုတင်မဲပေးမှုတွေ လုပ်ချိန်မှာပဲ မဲ မသမာမှု သတင်းတွေ ကိုလည်း ကျယ်ကျယ် လောင်လောင် ကြားနေခဲ့ ရပါတယ်။

Image caption အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ကတော့ သပိတ်မှောက်ကြတယ်

နေပြည်တော် ခရိုင်အတွင်းမှာ ရဲနဲ့ ရဲမိသားစု ဝင်တွေ အားလုံးဟာ ကြိုတင်မဲကို အိတ်ထဲမှာ ထည့်မပေး ရဘဲ ရဲအရာရှိရဲ့ ရှေ့မှာပဲ ကြံ့ခိုင်ရေး ပါတီကို အမှန်ခြစ်ပြီး မဲထည့်ခဲ့ရတဲ့ အကြောင်း ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ကိုယ်စားပြု အမတ်လောင်း ဦးလှခိုင် ကတော့ ကြိုတင်မဲ ပေးခဲ့ရတဲ့ ကျောင်းဆရာမ တစ်ဦးရဲ့စကားကို ကိုးကားပြီး ဆရာတွေ အနေနဲ့ ကြိုတင်မဲ ထုတ်ယူရကြောင်း၊ လက်မှတ်သာ ထိုးလိုက် ရတာပဲ ရှိပြီး မဲစာရွက်ကို မြင်တောင် မမြင်လိုက် ရတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်ထဲမှာလည်း စားသောက်ဆိုင် ဝန်ထမ်းတွေ ကြိုတင်မဲ ပေးလိုက်ရတယ်လို့ သိရပါတယ်။

သင်္ကန်းကျွန်း ဘုရားလမ်းက ထမင်းဆိုင် လ္ဘက်ရည်ဆိုင် ဝန်ထမ်းတွေကို ကြိုတင်မဲ ထည့်ရမယ် ဆိုပြီး ပိုင်ရှင်က သူ့ဖါသာ မဲထည့်လိုက်တဲ့ အကြောင်း၊ ဒီလို ဖြစ်လာအောင် ကြံ့ခိုင်ရေးက ဆိုင်ရှင်တွေကို ဖိအားပေးခဲ့ တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုယ့်ဆန္ဒမပါဘဲ ကြိုတင်မဲ ထည့်ခဲ့ရတဲ့ ကိစ္စအပေါ် မကျေနပ်တဲ့ မဲဆန္ဒရှင် တချို့ကတော့ သက်ဆိုင်ရာ ကို တိုင်တန်းကြ မယ်လို့ သိရပါတယ်။