ဒေါ်စု ရဲ့သားငယ် မိခင်ကို တွေ့လို

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ် ခေါ် ကိုထိန်လင်းဟာ မိခင်နဲ့ တွေ့ရအောင် မြန်မာ နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ရောက်ရှိ နေ ပါတယ်။

Image caption နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည် လွတ်ရက် စေ့မယ်

တနင်္လာနေ့ ကျရင် မြန်မာ သံရုံးမှာ ဗီဇာ လျှောက်ထားမယ်လို့ ကင်မ်က ဘီဘီစီကို ပြောပါတယ်။

သူ့ကို မြန်မာ အစိုးရက ဗီဇာ ပေးမှာလား၊ သူ့မိခင်နဲ့ရော တွေ့ခွင့် ရမှာလားဆိုတာ ကတော့ မသေချာ ပါဘူးလို့ ကင်မ်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ် ချုပ် ချထားတဲ့ သက်တမ်းဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒီနေ့မှာ တကယ် တန်း ပြန်လွှတ် ပေးမလား ဆိုတာ ကိုလည်း အတိအကျ မပြောနိုင်သေး ပါဘူး။

ဥပဒေ အရ ဆိုရင် တော့ ဒေါ်အောင်ဆန်း စုကြည်ကို ဆက်လက် ထိန်းသိမ်း ထားလို့ မရဘူး လို့ သူ့ရဲ့ ရှေ့နေ တွေက ပြောပါတယ်။

မကြာမီက ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးမှာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ ကိစ္စဟာ ဥပဒေ အရသာ အဆုံး အဖြတ် ပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ကင်မ်ဟာ မိခင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ၂၀၀၀ ခုနှစ်က သာ နောက်ဆုံး တွေ့ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်း နောက်ထပ် ဗီဇာ လျှောက်ထားမှု တွေ မှာတော့ မရခဲ့ဘူး လို့ သိရပါတယ်။