ရွေးကောက်ပွဲ အကြိုနေ့ ကြိုတင်မဲတွေ စရေတွက်

usdp_election_poster
Image caption ဒဂုံမြို့သစ် ကြိုတင်မဲ ရလဒ်မှာ ကြံ့ခိုင်ရေး ပါတီ အနိုင်ရ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀အတွင်း ပထမဆုံး ရွေးကောက်ပွဲကြီးကို မနက်ဖြန် တနင်္ဂနွေနေ့ မနက်မှာ စတင် ကျင်းပတော့ မှာပါ။

ရွေးကောက်ပွဲ အကြိုနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်ရုံး တချို့မှာ ကြိုတင်မဲတွေ စရေတွက် နေပါပြီ။

ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ကြိုတင်မဲတွေ စတင် ရေတွက်ခဲ့ရာမှာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရသွားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ထောက်ခံမဲ တမဲမှ မရခဲ့ဘူးလို့ သိရပါတယ်။

ဒါပေမဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အနိုင် ရသွားတဲ့ မဲ ၃၀ ထဲမှာ မဲ ၂၀ ကို ခြစ်ထားတဲ့ ပုံစံတွေဟာ တပုံစံတည်း ဖြစ်နေတာကို တွေ့ရတယ်လို့ အဲဒီ မဲဆန္ဒ နယ်မြေမှာ ဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ကိုယ်စားလှယ် ဦးကြီးမြင့် က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာလည်း ကြိုတင်မဲတွေ ကောက်ယူနေပြီး ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို မဲမပေးရင် အားလုံး ဒုက္ခရောက်သွားမယ်ဆိုပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ကိုယ်စားလှယ်က ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမြို့က မင်းဂံမြို့သစ်မှာလည်း မဲပေးရမယ့် စာရင်းထဲမှာ လူတထောင်ကျော် မပါပဲ ဖြစ်နေတဲ့အတွက် ဒေသခံတွေနဲ့ ရပ်ကွက် ကော်မရှင်တို့ အကြား ပြဿနာ ဖြစ်နေကြရာမှာ ကော်မရှင်ကတော့ ဒီလူတွေရဲ့ မဲစာရင်း ပြန်ထဲ့ပေးမယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ သောကြာနေ့နဲ့ စနေနေ့တွေမှာ ကြိုတင်မဲတွေ လိုက်ယူရာမှာ ကြံ့ခိုင်ရေးအတွက် အတင်းမဲ ထည့်ခိုင်းတယ်လို့ သိရပြီး ကြိုတင်မဲတွေကို ရပ်ကွက်မှာ မရေတော့ပဲ ပြည်နယ် ကော်မရှင်ကို ပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာတော့ ဟမ်းငိုင်း ကျေးရွာအုပ်စုနဲ့ မိန်းခွန် ကျေးရွာ အုပ်စုတွေက မဲရုံတွေကို ဖျက်သိမ်းလိုက်ကြောင်း မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အလားတူ မိုင်းယွန်း ကျေးရွာအုပ်စုက မဲရုံတွေကိုလည်း မြို့နယ်ကော်မရှင်က ဖျက်သိမ်း လိုက်ပါတယ်။

အခုလို မဲရုံတွေ မရှိတော့တဲ့ ကျေးရွာအုပ်စုတွေက မဲဆန္ဒရှင်တွေဟာ သူတို့နဲ့ အနည်းဆုံး ၁၀ မိုင်ကနေ မိုင် ၂၀ လောက် အဝေးမှာ ရှိတဲ့ ကျေးရွာအုပ်စုတွေမှာ မဲသွားပေးကြရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ မနက်ဖြန် မဲရုံစောင့်တဲ့အခါ ရိုးရာဝတ်စုံတွေ မဝတ်ရပဲ အဖြူနဲ့ အစိမ်းသာ ဝတ်ရမယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ညွှန်ကြားထား ပါတယ်။