ပြည်ပတွင် ပါလီမန်တခု ဖွဲ့စည်း

ရွေးကောက်ပွဲ မတိုင်ခင် ဒီကနေ့မှာပဲ ပြည်ပမှာ တိုင်းရင်းသားတွေနဲ့ ၁၉၉၀ ပြည့် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ စုပေါင်းပြီး ဖက်ဒရယ် ပါလီမန် တစ်ခု ဖွဲ့စည်းလိုက် ပါတယ်။

Image caption လာမယ့် ရက်ပိုင်းအတွင်း အမတ်တွေ ပေါ်မလာခင်မှာပဲ ပြည်ပမှာ ဖွဲ့စည်းခဲ့ကြ

၁၉၉၀ ပြည့် ရွေးကောက်ပွဲ တုန်းက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ အပစ်ရပ်နဲ့ အပစ် မရပ်သေးတဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်တွေ စုပေါင်းပြီး ထိုင်းမြန်မာ နယ်စပ် တနေရာမှာ ဖက်ဒရယ် ပါလီမန် တရပ် ဖွဲ့စည်း လိုက်တယ်လို့ ဒီကနေ့ပဲ ကြေညာ လိုက်ပါတယ်။

ဒီပါလီမန်ရဲ့ ဥက္ကဌအဖြစ် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ခူရယ်မွန်ထူး၊ ဒုတိယ ဥက္ကဌ အဖြစ် အမျိုးသား ီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ခဲ့သူ ဦးသိန်းဦး တို့ကို ရွေးချယ် တင်မြှောက် ခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေဟာ ပါလီမန် ခေါ်ယူ ပိုင်ခွင့် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အကြောင်း၊ ဒီပုဂ္ဂိုလ်တွေနဲ့ သီးသန့် နယ်မြေ၊ သီးသန့် လူမျိုး၊ သီးသန့် အုပ်ချုပ်ရေး နယ်မြေတွေ ရှိကြတဲ့ အပစ် မရပ်တဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ အပစ် ရပ်ပေမယ့် ပျက်ပြယ် သွားပြီ ဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့တွေ စုပေါင်းပြီး ပါလီမန် တရပ် ဖွဲ့စည်းတာ ဖြစ်ကြောင်း ဦးသိန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စ ဆွေးနွေးခဲ့ကြတာ တော်တော်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ၉၀ ပြည့် ရလဒ်ဟာ ဘယ်လိုနည်းနဲ့မှ မပျက်ပြယ်ဘူး၊ တခါ ဒီရွေးကောက်ပွဲ ရလဒ်ကို ဘယ်လိုနည်းနဲ့ ဆက်ပြီး အကောင်အထည် ဖေါ်မလဲဆိုတဲ့ အချက်အပေါ် အရင်ကတည်းက စဉ်းစားခဲ့ကြတဲ့ အကြောင်း ဦးသိန်းဦးက ပြောပါတယ်။

ဒါပေမဲ့ စစ်အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့ တချို့ အပစ်ရပ် လုပ်ထားလို့ ဒီစဉ်းစားချက်ကို အကောင်အထည် မဖေါ်ခဲ့နိုင်တဲ့ အကြောင်း၊ အခုတော့ တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ ကလည်း နအဖရဲ့ သဘောထား အမှန်ဖြစ်တဲ့ လက်နက်ချ အညံ့ခံရေးကို သိလာကြတဲ့အခါ အခုလို စုစည်း လာနိုင်တာ ဖြစ်တယ်လို့လည်း ဦးသိန်းဦးက ရှင်းပြပါတယ်။

လတ်တလော ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး ပါတီကြီးတွေနဲ့ နိုင်ငံတကာ အစိုးရတွေ ကလည်း တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာ အားလုံး ပြောဆို ထားပြီး ဖြစ်လို့ ဒီရွေးကောက်ပွဲ ရလဒ်ကို လက်မခံနိုင်ဘူး ဖြစ်လာ ပါလိမ့်မယ် ဒါဆိုရင် လက်ခံနိုင်တဲ့ တခြား ရလဒ်က ဘာလဲဆိုတာ စဉ်စားရင် အခု ဖွဲ့စည်း လိုက်တဲ့ ဖက်ဒရယ် ပါလီမန် ဘာကြောင့် ဖွဲ့ရသလဲ ဆိုတဲ့ အဖြေကို သိလာနိုင် ပါတယ်လို့ ဦးသိန်းဦးက ဘီဘီစီကို ရှင်းပြ သွားခဲ့ ပါတယ်။