မြန်မာ ရွေးကောက်ပွဲ နိုင်ငံတကာ ရှုတ်ချ

Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆန္ဒမဲ လာပေး

နှစ်နှစ်ဆယ် အတွင်း ပထမဆုံး ကျင်းပတဲ့ မြန်မာ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ရှုတ်ချ လိုက်ပါတယ်။

ဒီရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှု မရှိတဲ့အပေါ် အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံ အများအပြားက ဝေဖန် ပြောဆိုခဲ့ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အကာအကွယ် ပေးနိုင်ဖို့ အိန္ဒိယက ပိုလုပ်သင့်တယ်လို့လည်း သူက ထောက်ပြဝေဖန် ခဲ့ပါတယ်။

ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်ခံရတဲ့ မြန်မာလို နိုင်ငံမျိုးတွေ အတွက် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက အသံတိတ် မနေသင့်ဘူးလို့ ဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူတွေကို ပစ်သတ်တာ ၊ နိုင်ငံရေးနဲ့ အကျဉ်းသားတွေကို နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းချထားတာ တွေကို လက်ခံနိုင်စရာ မရှိပါဘူး နောက်တခါ တကမ္ဘာလုံး ရှေ့မှာ မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်တာမျိုး လက်မခံနိုင်ပါဘူးလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

တရုတ် အစိုးရ အာဘော် သတင်းစာ ဖြစ်တဲ့ Global Times မှာတော့’ မြန်မာ ရွေးကောက်ပွဲ ရှေ့သို့လှမ်းနေပြီ ‘ဆိုတဲ့ ခေါင်းစဉ်နဲ့ တနင်္လာနေ့တုန်းက သတင်း ဆောင်းပါး တခု ရေးသားထားပြီး မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ စုပြီး ကိုယ့်အမြင်ကို ဖော်ပြသင့်တယ် မျက်စိမှိတ်ပြီး အနောက်နိုင်ငံတွေရဲ့ နောက်လိုက် မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

အာဆီယမ် နိုင်ငံတွေထဲက ဖိလစ်ပိုင် ကတော့ မြန်မာ ရွေးကောက်ပွဲဟာ ပါဝင်သင့်သူတွေ အားလုံး ပါဝင်ခွင့် မရဘူးလို့ ဆိုနေပေမယ့် ကျန်တဲ့ ဆယ်နိုင်ငံ ကတော့ မြန်မာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် တုန့်ပြန်မှု ဘာတခုမှ မတွေ့ရပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ ပါလီမန် အတွင်းက အဖွဲ့ဖြစ်တဲ့ European Parlimentary Caucus on Burma ကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းနဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဖို့ တိုက်တွန်းထားတဲ့ အစီရင်ခံစာ တစောင် မနေ့က ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း ပါဝင်သင့်သူတွေ အပြည့်အဝ ပါခွင့်မရဘူး၊ အများ ထင်သာမြင်သာလည်း မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ ကနဦးရလဒ်တွေအရ လက်ရှိစစ်အစိုးရ အသွင်ပြောင်းထားတဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အနိုင်ရနေတယ်လို့ သိရပါတယ်။

အခု ရွေးကောက်ပွဲ ကနေ အများ ယုံကြည်ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင် လုပ်ဆောင်ဖို့လည်း မစ္စတာဘန်က စစ်ဗိုလ်ချုပ်တွေကို တိုက်တွန်းထား ပါတယ်။