သိရသမျှ ရွေးကောက်ပွဲ ရလဒ်များ

နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ကျင်းပတဲ့ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ တွေရဲ့ ရလဒ် တွေကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေး ပေမဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပါလီမန်မှာ သူတို့ ၈၀ ရာခိုင်နှုန်းနဲ့ အနိုင်ရ တယ်လို့ ပြော ပါတယ်။

Image caption ဝန်ကြီး ချုပ် ဦးသိန်းစိန် ဆန္ဒမဲ ပေး နေစဉ်

လက်ရှိ အစိုးရ ဝန်ကြီးချုပ် ဦးဆောင်ပြီး ဝန်ကြီးတွေ ပါဝင် အရွေးခံတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွဲရင် ကျန်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ ကတော့ အခြေ အနေသိပ် မကောင်း ပါဘူး။ အထူးသဖြင့် တိုင်း ဒေသကြီးတွေမှာ အခြေစိုက်တဲ့ ပါတီတွေ ရှုံးနိမ့်မှု ပိုများ နေ ပါတယ်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ပါတီဟာ အမတ်နေရာ တစ်ထောင် နီးပါး ဝင်ပြိုင်ရာမှာ လောလောဆယ် အချိန်ထိ ၅၇ နေရာပဲ နိုင်နေ ပါတယ်။

NLD ဗဟို အလုပ် အမှုဆောင် ဟောင်း တချို့ ဦးစီးတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ကလည်း မဲစာရင်း ရလဒ်တွေ အပြောင်း အလဲ ဖြစ်နေ တာကြောင့် အရင် နေ့တွေက မျှော်လင့်ထား သလောက် မရနိုင် တော့ဘူးလို့ ပါတီ ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

NDF ပါတီဟာ စုစုပေါင်း ၁၆၁ နေရာမှာ ဝင်ပြိုင်ခဲ့ ပါတယ်။

Image caption ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု လည်း ရှုံး

ဝန်ကြီးချုပ် ဟောင်း တွေရဲ့ သမီး တွေနဲ့ ဦးသုဝေ တို့ ဦးစီးတဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ၄၇ နေရာ ဝင်ရောက် ယှဉ်ပြိင်ခဲ့ ရာမှာ ၄ နေရာပဲ နိုင်တယ်လို့ သိရ ပါတယ်။

အဲဒီပါတီ ခေါင်းဆောင်တွေ က တော့ အစောပိုင်းက အလား အလာကောင်း ပေမယ့် ကြိုတင်မဲ ကြောင့် ရှုံးရတယ်လို့ ပြောကြပါတယ်။

တခြား ယှဉ်ပြိုင်တဲ့ ပါတီငယ်လေး တွေလည်း နေရာ အားလုံးနီးပါးမှာ ရှုံးနိမ့် ခဲ့တယ်လို့ လောလောဆယ် အချိန်ထိ သိရပါတယ်။

ဒီပါတီတွေနဲ့ ယှဉ်ရင် တိုင်းရင်းသား ပါတီတွေကတော့ ရှုံးနိမ့်မှု နည်းတာ တွေ့ရပါတယ်။ ကျားဖြူခေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဆိုရင် ယှဉ်ပြိုင်တဲ့ အရေ အတွက် ၁၅၆ နေရာမှာ အမတ်နေရာ ၅၇ နေရာ လောက် အနိုင်ရ ထားတယ်လို့ သိရပါတယ်။

တစ်ခါ ရခိုင် ပြည်နယ် မှာလည်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကလည်း ၄၄ နေရာ ဝင်ပြိုင် ရာမှာ အခု အချိန်ထိ ၃၅ နေရာ ရတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ အဓိကပြိုင်တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ကလည်း ၃၄ ဦးပြိုင်ရာမှာ ၁၆ ဦးအနိုင်ရ ထားတယ်လို့ သိရပါတယ်။

ကရင် ပြည်သူ့ ပါတီ ကတော့ ၁၆ နေရာမှာ လောလောဆယ် ၇ နေရာ အနိုင်ရ နေတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်တဲ့ လွတ်တော် အမတ်နေရာ စုစုပေါင်း က ၁၁၅၇ နေရာ ရှိပါတယ်။