ဒေါ်စုလွတ်ရမဲ့နေ့ ဒီချုပ် ပြင်ဆင်

Suu KYi
Image caption မနက်ဖန်ဆို ဒေါ်စု နေအိမ် အကျယ်ချုပ် သက်တမ်းစေ့ပြီ

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ် သက်တမ်း မနက်ဖန် ကုန်ဆုံးတော့မှာမို့ သူ့ကို ကြည်ညိုလေးစား သူတွေက သူ့ကို ကြိုဆိုဖို့ ပြင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နည်းအမျိုးမျိုးနဲ့ ကြိုဆိုဖို့ ပြင်နေကြပြီး တချို့က သူလွတ်မြောက် တဲ့နေ့ အထိမ်းအမှတ် အဖြစ် သွေးလှုဖို့ ပြင်ထားသလို သူ့နေအိမ်ကို ပန်းစည်းတွေ ပို့ဖို့လည်း ပြင်နေကြပါတယ်။

ဒေါ်စု လွတ်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် မနက်ဖန် မနက် ကိုးနာရီကစပြီး စံပြဆေးရုံ အပါအဝင် တခြား ဆေးရုံတွေမှာ လူငယ်တွေ စုပြီး သွေးလှုဖို့ ပြင်ဆင်ထားကြောင်း၊ အဲ့သလို အထိမ်းအမှတ် သွေးလှုဒါန်းဖို့ စာရင်းပေးထားသူ လူငယ် အတော်များများ ရှိကြောင်း ဒီချုပ် လူငယ်တဦး ဖြစ်တဲ့ ကိုရာဇာက ဘီဘီစီကို ပြောပြပါတယ်။

ရန်ကုန်တင်မက ပြည်နယ်ပေါင်းစုံ၊ နယ်ပေါင်းစုံကလည်း ရောက်ရှိနေပြီး သူတို့ အားလုံးကို အဖွဲ့ချုပ်မှာ နေရာ မစီစဉ်ပေးနိုင် ဖြစ်နေတယ်လို့ ကိုရာဇာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်ရက် စေ့ပေမဲ့ ပြန်လွတ်လာဖို့ ကံသေကံမ မပြောနိုင် သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သွားလာ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ခြယ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ လွှတ်ပေးတာမျိုးကို အရင်က လက်မခံခဲ့ဘဲ ခုလည်း လက်ခံမှာ မဟုတ်ဖူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီအတောအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သူ့ရဲ့ သားအငယ် ကင်အဲရစ်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာပြည် ဝင်ခွင့် ဗီဇာ ရသွားပြီလို့ သတင်း ရရှိပါတယ်။

ဒါပေမယ့် ကာယံကံရှင်ကတော့ ဒါကို အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

(ဒီမနက် အစီအစဉ်မှာ သူ့ မိန့်ခွန်းတွေထဲက တချို့ကို ကောက်နှုတ် တင်ပြထားပါတယ်။)