ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

Image caption ရည်မှန်းချက်ပန်းတိုင်အတွက် အာလုံး အတူတကွ အလုပ်လုပ်ရမယ်

နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ အကျယ်ချုပ် သက်တမ်း ပြည့်တဲ့ ဒီကနေ့ ညနေပိုင်းမှာ ပြန်လည် လွတ်မြောက်လာပါပြီ။

လွတ်မြောက် လာလာချင်း သူ့အိမ်ရှေ့မှာ လာရောက် စောင့်ကြိုနေကြတဲ့ ထောင်ပေါင်း များစွာသော ထောက်ခံသူတွေကို ဒေါ်အောင်ဆန်း စုကြည်က စကား ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြုံးရွှင်စွာနဲ့ လက်ဝှေ့ယမ်းပြီး၊ ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ အတွက် အားလုံး အတူတကွ လက်တွဲလုပ်ဆောင်ရမယ်လို့လည်း ပြောပါတယ်။

မနက်ဖြန်ကျရင်လည်း NLD ဌာနချုပ် ရုံးမှာ စကား ထပ် ပြောအုံးမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သူ့အိမ်ရှေ့ကို ထွက်လာတဲ့ အချိန်မှာ ဝမ်းသာ ပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးဟာ သူ့ရှေ့ကို စုပြုံရောက်ရှိသွား ကြပါတယ်။

ထောက်ခံသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းမာ ချမ်းသာ စေကြောင်း အော်ဟစ် ဆုတောင်းပေး ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ အများကြီး ဖြစ်လာတဲ့ အချိန်မှာ လုံထိန်းကား တွေ သူ့အိမ်နားကနေ အဝေးကို မောင်းထွက်သွားပြီး သူ့အိမ်နားမှာ ချထားတဲ့ အကာအရံ တွေကို အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို အခုလိုပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကန့်သတ်မှုတွေ ရှိမရှိ ဆိုတာ ကိုတော့ အတိအကျမသိ ရသေးပါဘူး။

မြန်မာ စစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး ရွေးကောက်ပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီးနောက်မှာ ဒေါ်စုကို အခုလို ပြန်လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် မေလက အမေရိကန် နိုင်ငံသား ဂျွန်ယက်တောဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို မဖိတ်ကြားပဲ ခိုးဝင်ရာကနေ အာဏာပိုင်တွေက ဒေါ်အောင်ဆန်း စုကြည်ကို အိမ်ချုပ် စည်းကမ်း ဖေါက်ဖျက်မှုနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြစ်ဒဏ် တဝက် လျှော့ပေးပြီး အိမ်ကျယ်ချုပ်နဲ့ နေဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အသက် ၆၅ နှစ် အရွယ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နှစ်ဆယ့်တစ်နှစ် အတွင်းမှာ ၁၅ နှစ်လောက် နေအိမ် အကျယ်ချုပ်နဲ့ အချိန် ကာလကို ကုန်လွန် ခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာ ရောက်ရှိနေတဲ့ သားဖြစ်သူ ကင်မ်နဲ့ တယ်လီဖုန်းကနေ စကားပြော ခဲ့ပြီလို့လည်း သိရပါတယ်။

ကင်မ်ဟာ သူ့မိခင်ကို ကိုယ်တိုင် တွေ့ခွင့်ရဖို့ ဘန်ကောက် မြန်မာသံရုံးမှာ ဗီဇာ လျှောက်ထားပါတယ်။

နိုင်ငံတကာ တုံ့ပြန်မှုများ

ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခဲ့တဲ့အပေါ် သဘောထား တုန့်ပြန်မှုတွေပေး ခဲ့ကြပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်ရဲ့ သူရဲကောင်း တဦးပါ (အိုဘားမား)

အမေရိကန်သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ရဲ့ သူရဲကောင်း တဦး ဖြစ်တယ်လို့ ဖေါ်ပြပြောဆိုလိုက်ပြီး၊ သူလွတ်မြောက်ခဲ့တာကို ကြိုဆိုလိုက်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို မြန်မာ စစ်အစိုးရက ပြန်လွှတ်ပေးဖို့ အချိန်တန်ပြီလို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံ ဥက္ကဌ ဆူရင် ပစ်ဆူဝမ်ကတော့ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်လာတဲ့အတွက် အလွန်အမင်း စိတ်သက်သာရာ ရသွားတယ်လို့ ပြောပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ယုံကြည်သူတွေအားလုံးအတွက် အလင်းရောင် ဖြစ်တယ်လို့ ဂုဏ်ပြု ပြောဆိုပါတယ်။

ဥရောပ ကော်မရှင်နာ မင်းကြီး ဟိုဆေး မန်နျူရယ် ဘာရိုဆို ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အခုအချိန်ကစပြီး မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်မှာ အပြည့်အဝ ပါဝင်ခွင့် ပေးရမယ်လို့ ဆိုပါတယ်။

ပြင်သစ်သမ္မတ နီးကိုးလပ်စ် ဆာကိုဇီးကတော့ မြန်မာ အာဏာပိုင်တွေ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အခုလို လွှတ်ပေးပြီး နောက်ပိုင်း သူ့ရဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာခွင့်တွေအပေါ် ကန့်သတ်မှုတွေ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ဝါရှင်တန် အခြေစိုက် Freedom Now အဖွဲ့ ဥက္ကဌကလည်း အခုလို ဒေါ်အောင်ဆန်း စုကြည်ကို နောက်ဆုံးမှာ ပြန်လွှတ်ပေးခဲ့တဲ့ အတွက် ကျေနပ်မိကြောင်း ပြောပါတယ်။

ဒါပေမယ့်လို့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို မလုပ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရုံနဲ့ အဓိပ္ပါယ် ရှိလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Christian Solidarity Worldwide အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး တာကို ကြိုဆိုကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် ကိုလည်း ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဘီဘီစီ သတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ လည်း ဒေါ်အောင်ဆန်း စုကြည် ပြန်လွတ်လာတဲ့ သတင်းကို ထိပ်ပိုင်းသတင်း အဖြစ် ရုပ်မြင်သံကြား၊ ရေဒီယိုတွေ ကနေ အခုချိန်အထိ အဆက်မပြတ် ထုတ်လွှင့်ပြသ နေကြပါတယ်။