သူကြီးမ ၈ဦးမတရားဖမ်းခံရ

ကရင်ဒုက္ခသည်များ
Image caption ကရင်ဒုက္ခသည်များ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ အစိုးရစစ်တပ်က စစ်သားတစ်ဦး လက်နက်နဲ့အတူ KNU ဘက်ကို ထွက်ပြေးသွားလို့ဆိုပြီး ကရင် ရွာသူကြီး အမျိုးသမီး ၈ ဦးကို အစိုးရဘက်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အခုလို သူကြီးမတွေ မဆီမဆိုင် အဖမ်းခံရတာဟာ ကော့ကရိတ်မြို့နယ် အံကောင် တံတန်ကူး ကျေးရွာအုပ်စုတွေနားမှာ အခြေစိုက်ထားတဲ့ ခမရ ၅၄၆ ကစစ်သားတစ်ဦး KNU ဘက်ကို လက်နက်နဲ့တကွ ထွက်ပြေးသွားတာကို လက်နက်ဘိုးလျော်မပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့အခုလို အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်မှာ ယောင်္ကျားသူကြီးတွေဟာ အစိုးရစစ်တပ်လာရင် ထွက်ပြေးတိမ်းရှောင်နေကြရတာမို့ ယောင်္ကျားသူကြီးတွေ မရှိပဲ အမျိုးသမီးတွေက သူကြီးလုပ်နေကြရတာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီလို့သိရပါတယ်။

အခုလည်း စစ်အစိုးရ စစ်သားက အထက်လူကြီးတွေ ဖိနှိပ်တာကို မခံနိုင်လို့ KNU ဆီကို ထွက်ပြေးသွားတာမှာ ဗျူဟာမှူးကိုယ်တိုင် တရားလိုလုပ်ပြီး ပုဒ်မ ၁၇/၁ နဲ့ သူကြီးမတွေကို သူပုန်ဆက်သွယ်မှုနဲ့မဆီမဆိုင် ဖမ်းဆီးချုပ်နှောင် ထားတဲ့အကြောင်း ဒေသခံရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အဖမ်းခံရတဲ့ သူကြီးမ ၈ ဦးထဲမှာ လသားအရွယ် ခလေးအပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေပြီး အနို်င်အထက် နှိပ်စက်ခံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တခါတရံ ရွာတွေအနားမှာ တိုက်ပွဲတွေဖြစ်လို့ အစိုးရစစ်တပ်က ရှုံးရင် သူကြီးမကအစ ရွာသားအဆုံး အရိုက်အနှက် ခံကြရပြီး သူပုန်ကို လက်ထောက်ချတယ် လို့စွပ်စွဲခံရပြီး အသတ်ခံရတဲ့ သူကြီးမတွေလည်း ရှိဖူးတယ်လို ့သိရပါတယ်။

အခုလည်း ထွက်ပြေးတဲ့ စစ်သားနဲ့အတူပါသွားတဲ့ လက်နက်လျှော်ကြေးကို မပေးနိုင်ရင် သူကြီးမ ၈ ဦးကို ပြန်မလွှတ်ဘူးလို ့စစ်တပ်က ပြောနေတဲ့အကြောင်း ဒေသခံရွာသားတွေက ပြောပါတယ်။