HIV လူနာတွေကို ဆေးရုံမှာနေဖို့ စည်းရုံး

Image caption ဝေဒနာသည်တွေကတော့ မပြောင်းရွှေ့ချင်ပဲ အခု နေရာမှာပဲ အဖမ်းခံမယ်လို့ ဆိုပါတယ်

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ ကမ္ဘောဇ ၂ လမ်းမှာ ရှိတဲ့ နေအိမ် မှာ ဆေးဝါးကုသဖို့ ခိုလှုံနေကြတဲ့ HIV ဝေဒနာရှင် ၈၀ ကျော်ကို ဒီကနေ့ကစပြီး ဧည့်စာရင်းတိုင်ခွင့် မပေး တော့ဘူးလို့ အာဏာပိုင်တွေက ခေါ်ပြောပြီးတဲ့ နောက်ပိုင်း တိုင်းဆရာဝန်ကြီးတွေက ဒီနေ့မနက်မှာ ကူညီ စောင့်ရှောက်ပေး နေသူတွေကို ခေါ်ပြီး သူတို့ဆေးရုံမှာ လူနာတွေကို လာရောက်ထားဖို့ စည်းရုံး ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းက ဒေါက်တာလှမြင့်နဲ့ ဒေါက်တာမျိုးသန့်တို့ ဦးအောင်တဲ့ ဆရာဝန် အဖွဲ့ဟာ တောင်ဒဂုံမှာရှိတဲ့ ပန်းခြံဆေးရုံမှာ အိပ်ချ်အိုင်ဗွီ ဝေဒနာသည်တွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ တာဝန်ခံတွေကို ဒီကနေ့ ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အစိုးရက အိပ်ချ်အိုင်ဗွီဝေဒနာရှင်တွေအတွက် စီစဉ်ထားတဲ့ သာကေတ ဆေးရုံမှာ ပြောင်းရွှေ့နိုင်တဲ့အကြောင်း ဆရာဝန်တွေက စည်းရုံး ပြောဆိုခဲ့ တယ်လို့ ဝေဒနာသည်တွေကို ကူညီပေးနေတဲ့ မဖြူဖြူသင်းက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ သာကေတက ဆေးခန်းဟာ လူနာ ၅၀ လောက် ဆံ့ပြီး၊ လူနာတွေ ပို့လို့ရကြောင်း ဆရာဝန်တွေက ကမ်းလှမ်း ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူနာတွေအတွက် အဆင်ပြေ မပြေဆိုတာ သွားကြည့်ရဦးမှာ ဖြစ်ကြောင်း၊ အဆင်ပြေမယ်ဆိုရင်တော့ သူတို့အနေနဲ့ ဘာမှ ပြောစရာမရှိကြောင်း မဖြူဖြူသင်းက ပြောပါတယ်။

အိပ်ချ်အိုင်ဗွီ ဝေဒနာသည်တွေဘက်ကတော့ ပြောင်းရွေ့လိုတဲ့ဆန္ဒ မရှိကြပဲ၊ အခုနေရာမှာပဲ အဖမ်းခံမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေကြတယ်လို့ဆိုပါတယ်။

ဒီအတွက်လူနာတွေရဲ့ ဆန္ဒကိုလည်း ဂရုစိုက်ရမှာဖြစ်ကြောင်းနဲ့ လူနာတွေအတွက် အကုန်လုံး အဆင်ပြေတယ်ဆိုရင်တော့ စီစဉ်ရမှာ ဖြစ်ကြောင်း မဖြူဖြူသင်းက ပြောပါတယ်။

အာဏာပိုင်တွေဘက်က ဒီကနေ့ကစပြီး ဧည့်စာရင်းတိုင်ခွင့် မပေးတော့ဘူးလို့ ပြောထားခဲ့ ပေမယ့် ဝေဒနာရှင်တွေကတော့ တခြားနေရာကို မပြောင်းရွှေ့ လိုတာကြောင့် ဒီနေ့ညမှာ ဧည့်စာရင်း သွားတိုင်ကြည့်ဦးမယ်လို့ သိရပါတယ်။