လက်နက်ချမလား၊ စစ်တိုက်မလား။

DKBA
Image caption စစ်ရေး အခြေအနေ တင်းမာ နေတဲ့ ဒီကေဘီအေ

ဗိုလ်မှူးချုပ် စေါလာဘွယ်လို့ခေါ်တဲ့ ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချုပ် စောလာဘွယ်ကို တယ်လီဖုံးနဲ့ တနာရီလောက် ကြာအောင် ဆက်သွယ်စကားပြောပြီး လက်နက်ချခိုင်းခဲ့ ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး အပါအဝင် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေ ကြရတာ မဟုတ်တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

အခုလို ရာဇသံ ပေးတာရှိ သလို မြဝတီမြို့မှာလည်း ဗိုလ်မှူးချုပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာလည်းဆိုတဲ့ အစည်းအဝေးတစ်ခုကို နအဖ အရှေ့ တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပတ်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သက်က အရှေ့တောင်တိုင်း တိုင်းမှူး၊ မြဝတီက ဗျူဟာမှူး၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ၊ ကရင်ဆရာတော်တပါး နဲ့ သာထူးကျော်တို့ပါဝင်ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။

ဒီအစည်း အဝေးမှာ ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဘက်ကတော့ စစ်ဆင်ရေး တိုးမြှင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖ စစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဘက်က တပ်မ ၂၂ ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။