နိုင်ငံရေးအကျဉ်းသားများထပ်မံလွှတ်ဖို့လို

88_generation
Image caption ၈၈ မျိုးဆက်ကျောင်းသားများ လွတ်မြောက်ရေး

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အကျဉ်းကျ ခံရဆဲ နိုင်ငံရေး အကျဉ်းသမားတွေ လွတ်မြောက်ရေး ကို နိုင်ငံတကာ အနေနဲ့ ဆက်လက် တွန်းအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ အနေနဲ့ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြုပြင်ပြောင်းလဲရေး ကို အမှန်တကယ် လိုလားတယ်ဆိုရင်၊ တိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုမြအေး တို့လို ကျောင်းသားခေါင်းဆောင်တွေ ကိုပါ လွှတ်ပေးဖို့ လိုကြောင်း၊ အတွင်းရေးမှူး ကိုဘိုကြည် က ဘီဘီစီကို ပြောပါတယ်။

အထက်ပါ နိုင်ငံရေး အကျဉ်းသားတွေဟာ နှစ်ရှည် ထောင်ဒဏ်တွေ ကို တကြိမ်မက ခံကြရတဲ့ အကြောင်း၊ ရွေးကောက်ပွဲ ကာလ အတွင်း၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ မြှော်လင့်ကြပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးတဲ့ နောက်မှာ၊ နောက်ထပ် လွှတ်ပေးတာကို မတွေ့ရတဲ့ အတွက်၊ နိုင်ငံတကာ အနေနဲ့ အာရုံစိုက် တွန်းအားပေးဖို့ လိုကြောင်း၊ ကိုဘိုကြည် က ရှင်းပြပါတယ်။