သတင်းစာ ဆောင်းပါးရှင် NLD ရှေ့မှာ ဆန္ဒပြ

သတင်းစာတွေမှာ ဆောင်းပါးတွေ ရေးတတ်တဲ့ ဆောင်းပါးရှင် ငါးမင်းဆွေ ဆိုသူက နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက NLD ရုံးချုပ်ရှေ့ကို ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့ ဆိုတဲ့ စာတမ်းပါရှိတဲ့ တီရှပ်ကို ဝတ်ဆင်လျက် သူ့ရဲ့ ဆောင်းပါး မိတ္တူတွေကို ကိုင်ဆောင်ရင်း ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

Image caption NLD ရုံးရှေ့က ငါးမင်းဆွေ (ဓာတ်ပုံ- နစ်နေမန်း ဘလော့ဂ်)

ပြီးခဲ့တဲ့ ၂၂ ရက်နေ့ ၁၂ နာရီမှာ အဲဒီရုံးကို စာသွားပေးတဲ့အကြောင်း၊ တစ်စောင်က ဒေါ်အောင်ဆန်းစုကြည်အတွက် အိပ်ဖွင့်ပေးစာဖြစ်ပြီး ကျန်တာတွေကတော့ သူ ရေးခဲ့တဲ့ ဆောင်းပါး မိတ္တူတွေ ဖြစ်တဲ့အကြောင်း ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဆောင်းပါးရှင် ငါးမင်းဆွေက ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် သူပေးတဲ့ စာတွေ ဒေါ်အောင်ဆန်းစုကြည်ဆီ မရောက်ဘူးဆိုတာ သိရလို့ ရုံးရှေ့ကို သွားပြီး ဆန္ဒပြတာလို့ သူကပြောပါတယ်။

ဒီအဖြစ်အပျက်ကို တာဝန်ယူဖြေရှင်းခဲ့ရတဲ့ NLD အတွင်းရေးမှူးရုံး ရုံးအဖွဲ့ဝင် ဦးဝင်းထိန်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့အသံကို ကြားချင်တယ်ဆိုလို့ ငါးမင်းဆွေ ဆိုသူက စာတွေ လာပို့တဲ့ အကြောင်း၊ စာမှာက ဒေါ်စုကြည်သို့ ဆိုပြီး ရေးလာပြီး ပို့ခဲ့လို့ ဒေါ်စုကြည်ဆိုတဲ့ အသုံးအနှုန်းက စော်ကားတဲ့ သဘောဖြစ်တာ မို့ စာကို လက်မခံနိုင်ပါဘူးလို့ ပြန်ပြောခဲ့ရတဲ့အကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

နောက်တခါ ငါးမင်းဆွေရဲ့ စာထဲမှာ မမှန်ကန်တာတွေ ပါတဲ့အကြောင်း၊ ၁၉၉၆ ခုနှစ်တုန်းက အမေရိကန်ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး မက်ဒလင်း အောဘရိုက် လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ချင်းတွေ့ပြီး အမျိုးသားညီလာခံက ထွက်ဖို့အတွက် ပြောတယ်ဆိုတဲ့ အရေးအသားဟာ မှားနေတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မက်ဒလင်းအောဘရိုက်နဲ့ နှစ်ယောက်ချင်း လုံးဝ မတွေ့ခဲ့တဲ့ အကြောင်း ငါးမင်းဆွေကို ပြန်လည် ဆွေးနွေးလိုက်ရတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အခုလို ငါးမင်းဆွေ အနေနဲ့ ရုံးရှေ့မှာ လာရောက် တောင်းဆိုတာဟာ သတင်းထောက်တွေကို ကြိုတင်ဘိတ်ခေါ်ထားတယ်လို့ ယူဆရတဲ့ကိစ္စ၊ ရုံးရှေ့မှာ ဒေါ်စုနဲ့ တွေ့ပါရစေဆိုပြီး ပြဇာတ်ဆန်ဆန် တောင်းဆိုပုံတွေဟာ မရိုးသားဘူး လို့ ထင်ရတဲ့ အပြုအမူတွေဖြစ်တယ်လို့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပြသွားပါတယ်။