ကုလ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိ

Image caption ဒေါ်အောင်ဆန်း စုကြည်နဲ့ မစ္စတာ နမ်ဘီယား တွေ့ဆုံခဲ့စဉ်

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဟာ ၂ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ကို စနေနေ့က ရောက်ရှိ လာခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် နဲ့ရော၊ NLD ပါတီ အပါအဝင် နိုင်ငံရေး ပါတီတွေ နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ နမ်ဘီယားဟာ ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့အပြီး တွေ့ဆုံခဲ့တဲ့ အဆင့်အမြင့်ဆုံး ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

မစ္စတာ နမ်ဘီယား အခုလို လာရောက် တွေ့ဆုံတာကို ဒေါ်အောင်ဆန်း စုကြည်က ကြိုဆို လိုက်ပြီး နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုတယ်လို့ ပြောသွား ပါ တယ်။

မစ္စတာ နမ်ဘီယားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးကို ကုလသမဂ္ဂ အနေနဲ့ ဘယ်လောက် ဆောင်ရွက်ပေးနိုင်မလဲဆိုတာ လေ့လာဖို့ လို့ ယူဆရကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဆောင်ရွက်နိုင်မှုက အကန့်အသတ်သာ ရှိနိုင်ပေမဲ့ အတတ်နိုင်ဆုံး ဆောင်ရွက် သွားမယ်လို့ မျှော်လင့်ကြောင်း၊ ဘယ်လောက် ဆောင်ရွက်နိုင်မလဲ ဆိုတာကို စောင့်ကြည့် ရမှာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ရဲ့ ရပ်တည်မှုနဲ့ ရှေ့မျှော်မှန်းချက်တွေ အကြောင်း ကိုလည်း ဒေါ်အောင်ဆန်း စုကြည် ကို မစ္စတာ နမ်ဘီယားက မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

မစ္စတာ နမ်ဘီယားကို အခုနှစ်ဦးပိုင်းက မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖြစ် မစ္စတာ ဂမ်ဘာရီရဲ့ နေရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ၄နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ မစ္စတာ ဂမ်ဘာရီဟာ မြန်မာ့အရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် ခဲ့တာမျိုး မတွေ့ရဘူးလို့ အများက ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

မစ္စတာ နမ်ဘီယားဟာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ အစောပိုင်းက တွေ့ဆုံခဲ့ပေမဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဖို့တော့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။

သူဟာ မြန်မာနိုင်ငံကနေ တနင်္လာနေ့မှာ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။