ချင်းပြည်က အငတ်ဘေး အန္တရယ် စိုးရိမ်ရ

Chin rats
Image caption ကြွက်ကျနေတဲ့ ချင်းပြည်က ပြောင်းခင်းတချို့

ချင်းပြည်နယ်က အစာရေစာ ငတ်မွတ်မှု ဘေးအန္တရယ်ဟာ စိုးရိမ်ရဆဲလို့ ကုလ စားနပ်ရိက္ခာ အဖွဲ့က ပြောပြီး အငတ် ဘေးဟာ ချင်းပြည် တောင်ပိုင်း ပြည်နယ် တွေထိပါ ကူးစက် လာနေတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

ဝါးပွင့်ရာကနေ ဝါးသီး လာစားတဲ့ ကြွက်တွေက စပါးခင်းတွေကို ဖျက်ဆီးတဲ့အတွက် ဒေသ ခံတွေမှာ အစားအစာ အလုံအလောက် မရှိဘူးလို့ WFP က ပြောပါတယ်။

အစားအစာ အလုံအလောက် မရှိတဲ့အပြင် နေ့စဉ် အသုံးစရိတ် အတွက် ပိုက်ဆံကို အတိုးကြီးကြီးနဲ့ ချေးနေရတာကြောင့် မိသားစု တစုဟာ ပျမ်းမျှ အကြွေး နှစ်သိန်းခွဲ ဝန်းကျင် ပေးစရာ ရှိနေပါတယ်။

ခု အစာရေစာ ရှားပါး ပြတ်လပ်မှုဟာ ၂၀၀၆ ခုနှစ် ကတည်းက စတင်တာ ဖြစ်ပြီး အစိုးရက ခုအစားအစာ ပြတ်လပ်မှု အကျပ်အတည်းကို လျစ်လျုရှုထားတဲ့ အတွက် ခုအကျပ် အတည်းဟာ ချင်းပြည် မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကနေ ခုဆိုရင် တောင်ပိုင်းက ကန်ပက်လက်၊ ပလက်ဝနဲ့ မတူပီမြို့တွေထိ ကူးစက် လာပြီလို့ သတင်းရရှိပါတယ်။

အစပိုင်းမှာ အစာရေစာ ပြတ်လပ်နေသူတွေက မွေးထားတဲ့ အိမ်မွေး တိရိစ္ဆာန်တွေကို တဖြည်းဖြည်း ထုတ်ရောင်းပြီး အိမ်စရိတ်ကို ကြိုးစား ဖြည့်ကြည့်ပါတယ်။

ခုနောက်ဆုံးတော့ ချရောင်းစရာ မကျန်တော့တဲ့ အခြေအနေကို ရောက်နေပြီလို့ သတင်း ရရှိပါတယ်။

မြို့ပေါ်မှာ အစားအစာ အခက်အခဲ ဖြစ်တဲ့အတွက် တောထဲဝင်ပြီး ရရာ ရှာစားရတဲ့ အနေအထား ရောက်နေသလို တချို့လည်း နယ်စပ်ကို ဖြတ်ပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံ မဏိပူရနယ်ထဲ ရတဲ့နည်းနဲ့ အရောက်သွားနေကြပါတယ်။

အစိုးရဆီက အကူအညီမရဘဲ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့နဲ့ တခြား အဖွဲ့တွေက အနည်းအပါး ကူညီတယ်လို့ သတင်းရပြီး တချို့ စားနပ်ရိက္ခာ ကယ်ဆယ် ထောက်ပံ့ရေး အဖွဲ့တွေ လက်လှမ်းမမှီတဲ့ နေရာတွေလည်း အများကြီး ရှိသေးတယ်လို့ ချင်းပြည်နယ် ဂါးဒီးယန် သတင်းဌာနက အယ်ဒီတာ ကိုဗန်ဗြတ်ထန်က ဘီဘီစီကို ပြောပြပါတယ်။