ကချင်မနောပွဲ စစ်တပ်က ဦးစီးလို့ မကျေနပ်ကြ

ကချင်ပြည်နယ်မှာ လာမယ့် ဇန္နဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်မယ့် မနောပွဲ ကျင်းပရေးအဖွဲ့မှာ ကချင်ယဉ်ကျေးမှု ဗဟိုကော်မီတီက ရွေးချယ်ထားတဲ့ ဦးလခီလအောင်ရဲ့အစား မြောက်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းကို ဥက္ကဌအဖြစ် ပြောင်းလဲ ခန့်ထားခဲ့လို့ ဒေသခံတါေ အကြားမှာ မကျေနပ်မှုတွေ ဖြစ်နေပါတယ်။

Image caption မနောပွဲဟာ ကချင်တွေ အတွက် အလေးအမြတ် ထားစရာ ပွဲကြီးတစ်ခု

ဒီပွဲက တကယ်တော့ ယဉ်ကျေးမှုကို အဓိကထားပြီး လုပ်တဲ့ပွဲဖြစ်ပြီး နိုင်ငံရေးအရ လုပ်တဲ့ပွဲ မဟုတ်တဲ့အကြောင်း၊ ဒီနေရာမှာ ကချင်ရိုးရာ ယဉ်ကျေးမှုကို မသိတဲ့ နားလည်မှုလည်း မရှိတဲ့ စစ်တပ်က အရာရှိတွေကို ဦးဆောင်ဦးရွက် ပြုစေတဲ့ အချက်အပေါ် ကချင်ယဉ်ကျေးမှု လူကြီးတွေ အပါအဝင် အားလုံးက မကြိုက်နှစ်သက်ကြတဲ့ အကြောင်း ကချင် သတင်းဌာန ကေအင်ဂျီရဲ့ အယ်ဒီတာ ကိုနော်ဒင်က ဘီဘီစီကို ပြောပါတယ်။

နောက်တချက်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရထားတဲ့ ဗိုလ်မှူးချုပ်ဟောင်း သိန်းဇော်က ဒီပွဲတော်အတွက် သိန်း ၅၀၀ အလှူငွေ ထည့်ဝင်တယ် ဆိုတော့ ဒီမနောပွဲကို ဝင်ရောက်ထိန်းချုပ်တဲ့ သဘောဖြစ်တယ်လို့ ယူဆကြပြီး ဒီပွဲအတွက် ရန်ပုံငွေ မထည့်ဝင်ကြဖို့ မြစ်ကြီးနားမှာ ပြောဆိုလာနေကြတယ်လို့ ကိုနော်ဒင်က ပြောပါတယ်။

ရန်ပုံငွေ ထည့်ဝင်ပြီးသား လူတွေ ကတောင် သူတို့ထည့်ပြီးသား ငွေတွေကို ပြန်တောင်း လာကြတာတွေလည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။

နောက်တစ်ခါ နှစ်စဉ် မနောပွဲကို ဦးစီးကျင်းပနေကျ ကေအိုင်အို အဖွဲ့ကိုလည်း ဒီနှစ်မှာ မနောပွဲကို လာတက်ဖို့တောင် ခွင့်မပြုနိုင်ဘူးလို့ မြောက်ပိုင်းတိုင်း ဒုတိယတိုင်းမှုး ဗိုလ်မှူးချုပ် စိုးဝင်းက ပြောထားတယ်လို့ လည်း ကိုနော်ဒင်က ပြောသွားပါတယ်။