ဆန်စပါးအသင်းက လယ်သမားနဲ့ တွဲလုပ်ဖို့ နည်းရှာ

Rice
Image caption မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးအဓိက နိုင်ငံ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ ဆန်စပါး အထွက်တိုးပြီး လယ်သမားနဲ့ ကုန်သည်တွေ အကြား အကျိုးတူ ပူးပေါင်းလုပ်ဆောင် နိုင်ရေးအတွက် ဆိုပြီး မြန်မာနိုင်ငံဆန်းစပါးလုပ်ငန်း အသင်း က ရန်ကုန်မြို့မှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းကို အခုနှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး မြို့နယ်တိုင်းအလိုက် အသင်းခွဲတွေ ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် လယ်သမား ကိုယ်စားလှယ်တွေ၊ အတိုးနှုန်း သက်သက်သာသာနဲ့ ချေးငွေထုတ်ပေးနေတဲ့ အထူးပြု ကုမ္ပဏီတွေနဲ့ အစိုးရအပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက လူပေါင်း ၂ဝဝ လောက်ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။

လယ်သမားနဲ့ကုန်သည်တွေ အကျိုးတူခံစားနိုင်ရေးအပေါ် အခြေခံဆွေးနွေးခဲ့ကြတာလို့ မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးလှရှိန်က ပြောပါတယ်။

တောင်သူတွေကို ကုမ္ပဏီတွေက ငွေထုတ်ချေးဖို့၊ ဆန်ကို ချိန်တွယ်တဲ့ အလေးချိန်ကို တစ်သမတ်တည်းဖြစ်ဖို့၊ အစိုးရဘက်ကလည်း သယ်ယူပို့ဆောင်ရေး အခွန်အကောက်တွေ လျော့ပေးဖို့အတွက်လည်း ဆွေးနွေးကြတယ်လို့ သူက ပြောပါတယ်။

ဒီလို လယ်သမားအရေး အလေးထားဆွေးနွေးတာ ကောင်းပေမယ့်လည်း လယ်သမားတွေဆီက စုငွေအဖြစ်နှစ်စဉ်ဖြတ်ယူထားတဲ့ အစိုးရ ဘဏ်က ချေးပေးတာက အကောင်းဆုံးလို့ ပဲခူးတိုင်းက လယ်သမား ဦးရဲအောင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာလည်း လယ်သမားအရေးအတွက် ပါတီအသီးသီးက မူဝါဒတွေ ချပြထားတဲ့အတွက် လက်တွေ့ အကောင်အထည်ဖေါ်ပို့ကိုလည်း လယ်သမားတွေက မျှော်လင့်နေကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။