ပါတီတွေ ပူးပေါင်းမှ အလုပ်ဖြစ်မယ်လို့ မွန်ပါတီပြော

mon
Image caption မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက မဲဆန္ဒ နယ် ၁၆ခု အနိုင်ရထား

တိုင်းရင်းသား ပါတီတခု ဖြစ်တဲ့ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ဗဟို ကော်မီတီ အစည်းအဝေးကို သောကြာနေ့ ကနေ စနေနေ့ထိ ၂ရက်ကြာ ကျင်းပခဲ့ ပါတယ်။

ဒါဟာ ရွေးကောက်ပွဲ အပြီး ပထမဆုံး ကျင်းပတဲ့ ပါတီ ဗဟို ကော်မီတီ အစည်းအဝေး ဖြစ်ပြီး ပါတီ ကျစ်လစ် ခိုင်မာရေးကို အဓိကထား ဆွေးနွေး ခဲ့ကြတယ်လို့ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက ဘီဘီစီကို ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ အနေနဲ့ မကြာခင် ကျင်းပဖို့ ရှိတဲ့ လွှတ်တော်မှာ အမျိုးသား လွှတ်တော်မှာရော၊ ပြည်နယ် လွှတ်တော်မှာပါ ပါဝင်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေက သက်ဆိုင်ရာ ပြည်နယ် မဲဆန္ဒ နယ်မြေတွေမှာ ၃၀ ရာခိုင်နှုန်းကျော် အနိုင်ရထားတဲ့အတွက် ဒီပါတီတွေပေါင်းပြီး လှုပ်ရှား ဆောင်ရွက်မယ် ဆိုရင် တိုင်းရင်းသား အားတခု ဖြစ်လာပြီး ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို လွှတ်တော်မှာ စုပေါင်း တင်ပြ တောင်းဆိုနိုင်မှာ ဖြစ်တယ်လို့ ဦးနိုင်ငွေသိန်း က ဘီဘီစီ ကို ပြောပါတယ်။

ဒုတိယ ပင်လုံ ညီလာခံနဲ့ ပတ်သက်လို့တော့ အမျိုးသား သင့်မြတ်ရေးရော စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာပါ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ မူဝါဒမှာ ရှိထားပြီးသား ဖြစ်တဲ့အတွက် ဒုတိယ ပင်လုံ ညီလာခံဆိုတာ မလိုတော့ဘူးလို့ ယူဆကြောင်း ဦးနိုင်ငွေသိန်း ကပြောပါတယ်။

ဒါပေမဲ့လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်မြောက်အောင် ပါတီအနေနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။