ဒီကေဘီအေ လှုပ်ရှားတဲ့ နေရာတွေကို နအဖ ထိုးစစ်ဆင်

DKBA
Image caption နအဖရဲ့ အခုနောက်ဆုံး ထိုးစစ်ဆင်မှုတွေ အတွင်း ဒီကေဘီအေတို့ အထိနာ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက်မှာ ဒီကေဘီအေတပ်တွေ အဓိက လှုပ်ရှားနေတဲ့ နေရာ သုံးနေရာကို တနင်္ဂနွေနေ့ မနက်က စပြီး နအဖ တပ်တွေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ဒီကေဘီအေ ဖက်က ထိခိုက် ကျဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဒီတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ တပတ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပါတယ်။

မြဝတီမြို့ တောင်ဖက် ဖလူးဒေသ နဲ့ အဲဒီထက် တောင်ဖက် ပိုကျတဲ့ ကနဲလေးနဲ့ မော်ဖကို နေရာ ၃ခုတဝိုက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေတပ်တွေကို နအဖ တပ်တွေက တပြိုင်ထဲ စစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ဒီကေဘီအေဖက်က တယောက် သေဆုံးပြီး တပ်မှူးတဦး အပါအဝင် ငါးဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

စစ်အစိုးရဖက်က လူများများနဲ့ လက်နက်ကြီးတွေ သုံးပြီး စစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့ဖက်က လွတ်လပ်မှု ရတဲ့ အထိ ဆက်တိုက်ပွဲ ဝင်သွားမယ် လို့ တိုက်ပွဲတွေ အတွင်း ဒဏ်ရာရခဲ့သူ ဒီကေဘီအေ ဗိုလ်မှူး က ဘီဘီစီကို ပြောပါတယ်။

ဒါဏ်ရာရထားသူတွေကို ထိုင်းဖက်က ဆေးရုံတရုံမှာ ဆေးကုသမှု ပေးထားပါတယ်။

ဒါဟာ ထိုင်းနိုင်ငံရဲ့ လူသားချင်း စာနာတဲ့ မူ အရ ဖြစ်တယ်လို့ ထိုင်း တာဝန်ရှိ သူတွေက ပြောပါတယ်။

ဝေါ်လေ တောင်ဖက်က မြန်မာဖက်အခြမ်း ယဖေါနဲ့ မဲ့အော်ဟူး ရွာတွေဖက်မှာ လှုပ်ရှား နေတဲ့ ဒီကေဘီအေနဲ့ ကေအင်ယူတပ်တွေကိုရော တောင်ပိုင်း ပိုကျတဲ့ ထိုင်းနိုင်ငံ အုန်းဖန်မြို့ နဲ့ မျက်နှာချင်းဆိုင် မြန်မာ ဖက်မှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေနဲ့ ကေအင်ယူ တပ်တွေကိုပါ ထိုးစစ်ဆင်ဖို့ နအဖ တပ်တွေ အဲဒီနေရာတွေဆီ တက်သွားတဲ့ အတွက် နောက်ထပ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာနိုင်တယ်လို့ ကေအင်ယူနဲ့ ဒီကေဘီအေ ရှေ့တန်း တပ်မှူးတွေက ပြောနေကြပါတယ်။