နိုဘယ်ဆုရှင်အမာတယာဆန်ရဲ့ ဝေဖန်ချက် ထိုင်းတုန့်ပြန်

Image caption ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပဏ္ဍိတန် ဝပ်တနာရာကွန်

နိုဘယ်ဆုရ အိန္ဒိယ စီးပွားရေး ပညာရှင်အမတ်တယာဆန်က မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ် နဲ့အုပ်ချုပ် နေတဲ့အတွက် တရုတ် အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေ ဟာ ငွေကြေး မြောက်များစွာ အကျိုးဖြစ်ထွန်းနေတယ်လို့ ဝေဖန်လိုက်ပြီး၊ မြန်မာအစိုးရကို တိုက်ရိုက်ထိခိုက်စေမယ့် အရေးယူ ပိတ်ဆို့မှုမျိုးတွေ လုပ်သင့်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးကို အားပေးသင့်ကြောင်း မကြာသေးခင်က ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

အမတ်တယာဆန်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရဖက်က တုန့်ပြန်ချက်ကိုသိရအောင်၊ ထိုင်းအစိုးရပြောခွင့်ရသူ ဒေါက်တာပဏ္ဍိတန် ဝပ်တနာရာကွန်ကို ဘီဘီစီက မေးမြန်းရာမှာ ထိုင်းနိုင်ငံအနေနဲ့ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီရေးတွေကို အားပေးတာနဲ့ တချိန်ထဲမှာ၊ လုံခြုံရေးနဲ့ အိမ်နီးချင်းကောင်း ပီသရေးစတဲ့ အချက်တွေနဲ့ ဟန်ချက်ညီအောင် ထိမ်းထားမယ်ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒ ရှိတယ်လို့ ပြောပါတယ်။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြဿနာတွေမှာ ဝင်ရောက်စွက်ဖက်လေ့မရှိကြောင်း၊ တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံ အကုန်လုံးမှာ ဒီလိုမူဝါဒတွေရှိကြောင်း၊ ထိုင်းဝန်ကြီးချုပ်က ပါမောက္ခာအမတ်တယာဆန်ကို အခါ အားလျော်စွာ ထိုင်းနိုင်ငံကို ဖိတ်ခေါ်ဆွေးနွေးတဲ့ အကြောင်းက သူ့ရဲ့ ဉာဏ်ပညာ ကြွယ်ဝမှု ကနေ အကျိုးကျေးဇူး ရနိုင်အောင်နားထောင်ဖို့ဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတခုအနေနဲ့အဲဒီလိုဆွေးနွေးနား ထောင်ပြီး သူ့ကိုယ်ပိုင် လမ်းကြောင်းအတွက် ဆုံးဖြတ်ချက်တွေ ချလေ့ရှိကြကြောင်း ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က မြန်မာ့အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ဖုန်းနဲ့ စကားပြောခဲ့ရာမှာလဲ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူဖြစ်အောင် ဘာတွေ ဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

နှစ်ဦး နှစ်ဖက်ကြားမှာ သဘောထား မတူညီကြတာတွေရှိပေမယ့် အခုလိုဘဲအခါအားလျော်စွာဆွေးနွေးပြီးအမြင်ချင်းဖလှယ် ကြဖို့သဘောတူခဲ့ကြတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာပဏ္ဍိတန် ဝပ်တနာရာကွန်က ပြောပါတယ်။