NLD က လွတ်လပ်ရေးပွဲ အတွက် ပြင်ဆင်

Image caption NLD ရုံးချုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၁၁ ခု လွတ်လပ်ရေးနေ့ပွဲတွေကို လာမယ့် ဇန္နဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပဖို့ပြင်ဆင်ထားပြီး အဲဒီနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို အကူအညီပေးဖို့ ဈေးရောင်းပွဲပြုလုပ်ပြီး ရံပုံငွေ ရှာဖွေသွားဖို့လည်း စီစဉ်ထားပါတယ်။

ဒီဈေးရောင်းပွဲမှာ အဖွဲ့ချုပ်က ထုတ်ဝေတဲ့ အထိမ်းအမှတ်ပစ္စည်းနဲ့ အဖွဲ့ချုပ်နဲ့ ဆက်နွယ်တဲ့ အဝတ်အထည်တွေကို ရောင်းချမှာဖြစ်တဲ့အကြောင်းနဲ့ မြို့နယ်အသီးသီးကလည်း အစားအသောက်တချို့ရောင်းမှာဖြစ်ပြီး ရည်ရွယ်ချက်တော့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် လိုအပ်မှုတွေ ပံ့ပိုးနိုင်ဖို့ အဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုရံပုံငွေပွဲအဖြစ် စီစဉ်နေပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီလို ရက်စေါပြီး ပြုလုပ်တာဟာ ဇန္နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးပွဲကို အဖွဲ့ချုပ်ရုံးမှာ ကျင်းပဖို့ကလည်း ရှိနေတာမို့ လွတ်လွတ်လပ်လပ် အချိန်ယူကျင်းပနိုင်အောင် ဒီရက်တွေမှာ ကြိုပြီး ပြုလုပ်တာ ဖြစ်ပါတယ်လို့ ဘီဘီစီကို ရှင်းပြသွားပါတယ်။